နေပြည်တော်အပိုင် ဥတ္တရသီရိမြို့သစ်တည်စဉ်က ရွာကနေ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ရွာသားတွေဟာ စည်ပင်သာယာနယ်နမိတ်ကို ကျူးလွန်တယ်ဆိုပြီး အိမ်တွေကို ဒီမနက် စတင်ဖျက်ဆီးနေပါတယ်။
ဥတ္တရသီရိမြို့သစ်တည်ဖို့အတွက် စစ်အစိုးရလက်ထက်က နယ်မြေခံ ဒိုးနွယ်ရွာသားတွေကို ပြောင်းရွှေ့ခိုင်းပြီး နေရာသစ်မှာ ချပေးခဲ့ပါတယ်။ အခုအခါ နေပြည်တော်စည်ပင်သာယာက အဲဒီနယ်မြေတွေဟာ စည်ပင်သာယာ နယ်မြေဖြစ်တယ်ဆိုပြီး ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီမနက်မှာတော့ ရွာသားတွေရဲ့အိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။
အခင်းဖြစ်ပြီး ၁၀ မိနစ်ခန့်အကြာမှာ အဲဒီနေရာကို ရောက်ရှိသွားတဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဒီကိစ္စကို လူသားချင်းစာနာတဲ့ရှုထောင့်က စဉ်းစားပြီး ဖျက်ဆီးတာကို ရပ်တန့်ဖို့ စည်ပင်သာယာအရာရှိနဲ့ တွေ့ဆုံပြီး ကြိုးပမ်းနေပါတယ်။
မနက်က ဦးမင်းသူတို့ မရောက်ခင်မှာ တော့ ရွာသားတွေရဲ့ တဲအိမ်နှစ်လုံးကို ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ ဦးမင်းသူက ပြောပါတယ်။
စည်ပင်သာယာ အရာရှိ ဗိုလ်ကြီးဟောင်းစန်းဦးက ဆက်လက် မဖျက်တော့တဲ့အကြောင်း ကတိပေးလို့ ဖျက်တာကို ရပ်နားပေးခဲ့တဲ့အကြောင်းနဲ့ ဖျက်သိမ်းခံရတဲ့အိမ်တွေကို ဦးမင်းသူတို့က သွားရောက်အားပေးခဲ့ပါတယ်။
ဒီနောက် ညနေ ၃ နာရီမှာ မြို့နယ်စည်ပင်သာယာက မဟုတ်တဲ့ နေပြည်တော်ကောင်စီ စည်ပင်သာယာက တဖွဲ့ဟာ ရဲတွေနဲ့အတူ သွားရောက်ပြီး ကျန်ဖျက်လက်စအိမ်ကို ဖျက်ဆီးခဲ့ကြတယ်လို့ ဦးမင်းသူက ပြောပါတယ်။
ဒီလုပ်ရပ်ဟာ မဖြစ်သင့်ဘူးလို့ ဦးမင်းသူက ပြောဆိုပါတယ်။ ဒီနေ့ဖျက်ခံရတဲ့ အိမ် ၂ လုံးဟာ ဦးဝင်းထွန်းအိမ်နဲ့ ဦးရဲမင်းစိုးတို့အိမ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ဖျက်ခံရတဲ့ အိမ်ဘေးက ဦးကျော်မြင့်အိမ်ကို လာမယ့် ၁၃ ရက်နေ့ကျရင် ဖျက်သိမ်းမယ်ဆိုတာ သတိပေးသွားသလို နောက်ထပ်ဖျက်မယ့်အိမ် ၉ လုံးလောက် ရှိနေတယ်လို့ ဦးမင်းသူက ပြောပါတယ်။
ဒီလူတွေဟာ ဥတ္တရသီရိမြို့သစ်မတည်ခင်က ဒိုးနွယ်ရွာသားတွေဖြစ်ပြီး အခုဖျက်ခံရတဲ့ နေရာကတော့ ရတနာသိဒ္နီရပ်ကွက်ကလို့ ဆိုပါတယ်။
အရင်နေရာပြောင်းခိုင်းတုန်းက သူတို့တတွေဟာ ရေကြည်ရာ ပြောင်းရွှေ့ နေထိုင်ကြရင်း နေရာကွက်ပြန်ပေးတဲ့အခါ မသိလိုက်ဘဲ သူတို့အကွက်တွေကို အရင် ရပ်ကွက်အာဏာပိုင်တွေက ရောင်းစားခဲ့လို့ အဲဒီမြေကွက်တွေ ဈေးကောင်း လာတာကြောင့် စည်ပင်သာယာဥပဒေအရ ဖယ်ခိုင်းနေတာ ဖြစ်ပါတယ်။











