Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဖက်ဒရယ်အရေးဆွေးနွေး
Aung Ko Latt
·
February 3, 2018
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ပက ပညာရှင်တွေ ၃ရက်ကြာ ပြုလုပ်နေပါတယ်။ လူနည်းစုတိုင်းရင်းသားကဏ္ဍ၊ နိုင်ငံသားကဏ္ဍစတဲ့ အားလုံးက ဖက်ဒရယ်ဒီမိုကရေစီကို သွားတဲ့နေရာမှာ ပိုမိုပူးပေါင်းပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ရပ်နဲ့ အခုလိုအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို သက်ဆိုင်ရာလွှတ်တော်တွေအနေနဲ့ ဥပဒေတွေရေးဆွဲတဲ့အခါ ဖက်ဒရယ်ကိုအခြေခံတဲ့ ဥပဒေဖြစ်စေရေး၊ အစိုးရအဖွဲ့အနေနဲ့လည်း ဖက်ဒရယ်စနစ်အစိုးရဖြစ်ပေါ်လာရေးတွေလုပ်ဆောင်တဲ့အခါ ဆက်လက်အသုံးချသွား မယ်လို့သိရပါတယ်။ ဆွေးနွေးပွဲစီစဉ်တဲ့ ဖက်ဒရယ်နိုင်ငံများဖိုရမ် မြန်မာနိုင်ငံရုံး ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင်က “လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေဆိုရင် ဖက်ဒရယ်ဆိုတာ လူနည်းစုတိုင်းရင်းသားတွေအတွက်ပြောတာ ငါတို့နဲ့မဆိုင်ဘူးဆိုတာတွေရှိနေသေးတယ်။ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့လည်း နားလည်မှုပုံစံတွေက အမျိုးမျိုးကွဲပြားနေသေးတယ်။ တစ်ချို့ဖက်ဒရယ်ဆိုပြီးတော့ ပြောကြားချက်တွေက တစ်ချို့ Stakeholderတွေ၊ အကျိုးစီးပွားရှင်တွေ အနေနဲ့ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာတွေလည်း တွေ့နေရသေးတယ်”လို့ပြောပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဖက်ဒရယ်အမျိုးအစားတွေ၊ အခြေခံသဘောတရားတွေ၊ ကျားမ၊ ကလေးသူငယ်၊ တိုင်းရင်းသားစတဲ့ကဏ္ဍတွေကို အိန္ဒိယ၊ မလေးရှားစတဲ့ နိုင်ငံက ပညာရှင်တွေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံများဖိုရမ်ကို နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး ကနေဒါနိုင်ငံမှာ အခြေစိုက်ထားပါတယ်။ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို ၂၀၁၂ခုနှစ်ကတည်းက စတင်က အခြားတိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အကြိမ် ၃၀၀လောက်ရှိပြီလို့သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024