စွဲချက်မတင်ခင်ပြန်လွှတ်ပေးရန် တရားခံရှေ့နေတောင်းဆို
DVB
·
February 2, 2018
ရှေ့နေဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ဟာ လိုပြသက်သေ ၇၂ရဲ့ စစ်မေးမှုအရ ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ မထွက်ဆိုနိုင်လို့ စွဲချက်မတင်ခင် ပြန်လွှတ်ပေးဖို့ တရားခံ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့မနက် တရားရုံးထုတ်ချိန်မှာ တင်ပြလိုက်တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အမိန့်ချမှာပါဖြစ်ပါတယ်။
ဦးကိုနီဘက်ကရှေ့နေ ဦးနေလကတော့ “မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာနေ တာဖြစ်တယ်”လို့ မီဒီယာတွေကိုပြောဆိုခဲ့သလို ဦးကြည်လင်းရှေ့နေက သူတို့ ၃ ယောက်ကို ကိုယ်လွတ်ရုန်းပေးနေတယ်လို့ပြောပါတယ်။
ဒီကနေ့ရုံးထုတ်မှာ “ထမင်းဝအောင်စား”ဆိုတဲ့ စတစ်ကာကပ်တီရှပ် အင်္ကျီတွေ ဝတ်ထားတဲ့သူတချို့ တရားရုံးရှေ့ကို လာရောက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ တနှစ်ကျော်ရှိပြီဖြစ်ပေမယ့် အမှုမှာ အဓိကအရေးပါတဲ့ အောင်ဝင်းခိုင်ကို ဖမ်းမိခြင်းမရှိသေးသလို ဖမ်းမိထားတဲ့ တရားခံကိုလည်း အမိန့်ချမှတ် နိုင်ခြင်းမရှိသေးပါဘူး။