Home
မြန်မာသတင်း
ဖုန်ကန်ရာဇီရေခဲတောင်ထိပ်တွင် မိတ္ထီလာခြေလျင်တောင်တက်အသင်းအလံစိုက်ထူ
DVB
·
February 2, 2018
မိတ္ထီလာမြို့ ခြေလျင်နှင့်တောင်တက်အ‎သင်းသားတွေ ဖုန်ကန်ရာဇီ ရေခဲတောင် တက်ရောက်နိုင်ဖို့ လမ်းကြည့်တက်ရောက်သူ ၂ ဦးဟာ ဖေဖော်ဝါရီ ၁ ရက်က အမြင့်ပေ ၁၁၅၀၀ ရှိတဲ့ ‎ရေခဲတောင်ထိပ်မှာ အောင်နိုင်ရေးအလံ စိုက်ထူနိုင်ခဲ့ပြီလို့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း အမှုဆောင် ဦးအောင်ကြိုင်က ပြောပါတယ်။ မိတ္ထီလာ ခြေလျင်နှင့်တောင်တက် အသင်းသားတွေ ဖုန်ကန်ရာဇီ ရေခဲတောင်ကို တက်ရောက်ချိန်မှာ လမ်းကြောင်းတလျှောက် တွေ့ကြုံနိုင်တဲ့ အခြေအနေနဲ့ အခက်အခဲတွေ ကြိုတင်သိရှိထားဖို့ ကလေးအထူးကုဆရာ‎ဝန် ဒေါက်တာမြတ်မင်းနဲ့ ဦးနိုင်မင်းရှိန်တို့‎ ၂ ဦး ဇန်နဝါရီလ၂၅ ရက်နေ့က ရေခဲတောင် စတက်ခဲ့တာပါ။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရေခဲတောင်ထိပ် ရောက်ပြီး မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အသင်းရဲ့ ‎အောင်နိုင်ရေးအလံ စိုက်ထူနိုင်တယ်လို့ ဦးအောင်ကြိုင်က ပြောပါတယ်။ ကလေးအထူးကုဆရာဝန် ဒေါက်တာ‎မြတ်မင်းက “ရေခဲတောင်ထိပ်က ပြန်ဆင်းလာပါပြီ။ ဒူးအထိ မြုပ်နေတဲ့ ရေခဲနှင်းတွေကြား အားထုတ်တက်ရောက်ရတယ်။ ရေခဲတောင်ထိပ် ရောက်တော့ လမ်းခရီး ပင်ပန်းတာတွေ တနှစ်တာလုံး အလုပ်ပင်ပန်းတာတွေ ပြေပျောက်သွားတယ်။ စိတ်နဲ့ကိုယ် လွတ်သွားလောက်အောင် ပီတိဖြစ်တယ်။ ဘယ်ခံစားမှုနဲ့မှ မတူတဲ့ ပျော်ရွှင်တဲ့ အရသာတွေ ခံစားရတယ်။ ဘဝအတွက် အားမာန်အသစ်တွေ ထပ်ဖြစ်လာတယ်”လို့ ပြောပါတယ်။ မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အသင်းဝင်တွေအနေနဲ့ နေ့စဉ်လိုလို အလေးချိန်ပါတဲ့ ကျောပိုးအိတ်နဲ့ မိတ္ထီလာ ကန်ပတ်လမ်းတလျှောက် လေ့ကျင့်ကြပြီး အမြင့်ပေများတဲ့ တောင် ၆ တောင်ကို တက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအလေ့အကျင့်တွေက ဖုန်ကန်ရာဇီ ရေခဲတောင်တက်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ရေခဲတောင် လမ်းကြည့်တက်ရောက်သူတွေဆီက သိရပါတယ်။ မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အသင်းမှာ အသက်ကြီး အသင်းသား ၄ ဦးနဲ့ ဝေဒနာရှင် ၁ ဦး ပါဝင်ပြီး အသင်းသား ၁၃၀ ကျော် ရှိနေတဲ့ တောင်တက်အသင်း ဖြစ်ပါတယ်။ တောင်တက်ရတာကို အရွယ်မရွေး လုပ်ဆောင်နိုင်ပြီး စိတ်မပြန့်လွင့်ဘဲ ဘဝအားမာန်တွေ ဖြစ်စေတာမို့ လူငယ်တွေ တောင်တက်ကြရင် အနာဂတ်မှာ နိုင်ငံအတွက် ပိုအကျိုးရှိစေတယ်လို့ တောင်တက်အသင်းက ဆိုပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024