တာမွေတွင် တရုတ်နိုင်ငံသား၂ ဦး အကြွေးတောင်းရာမှာ ရန်ဖြစ်၊ ၁ ဦး ဒဏ်ရာရ
DVB
·
February 2, 2018
ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်မှာ တရုတ်နိုင်ငံသား ၂ ဦး၊ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲပိုင်းက အကြွေးတောင်းရာမှာ အချင်းချင်း စကားများ ရန်ဖြစ်ပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အရိုးကုန်းလမ်း အမှတ် (၉) ဒုတိယထပ်ရှိ Shin Hein Myanmar ဟန်းဆက် အရောင်းကုမ္ပဏီရုံးခန်းမှာ တရုတ်နိုင်ငံသား Mr.Xu Zheng Yong (၅၀-နှစ်) ဟာ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အတူရှိနေစဉ် သူနဲ့ ခင်မင်ရင်းနှီးတဲ့ တရုတ်နိုင်ငံသား Mr.Sang Qui Lin (၅၂-နှစ်) ရောက်ရှိလာကာ အကြွေးတောင်းရာ စကားများခဲ့ကြတာလို့ ဆိုပါတယ်။
စကားများ ရန်ဖြစ်ပြီး Mr.Xu Zheng Yong က ကြွေရေနွေးအိုးနဲ့ ရိုက်ခဲ့လို့ Mr.Sang Qui Lin ဦးခေါင်းနောက်စေ့၊ ခါးနဲ့ လက်တွေမှာ ဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြေလည်မှု ရရှိခဲ့လို့ အမှုမဖွင့်လှစ်ခဲ့ဘူးလို့ သိရပါတယ်။
အလားတူ တာချီလိတ်မြို့မှာလည်း တရုတ်နိုင်ငံသား ၁ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးတို့ကို မြန်မာနိုင်ငံထဲမှာ ရက်ပေါင်း ၃၀ တရားဝင် နေထိုင်ခဲ့ချိန်မှာ သက်ဆိုင်ရာဌာနကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့ပြီး ဗီဇာစည်းကမ်း ချိုးဖောက်ခဲ့လို့ စစ်ဆေး အရေးယူထားတယ်လို့ သိရပါတယ်။