DVB Logo
Home
ဆောင်းပါး
ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရကို ဘယ်သူ​တွေ ​ငွေ​ချေး​ခဲ့​သလဲ
DVB
·
May 10, 2012
ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရကို ဘယ်သူ​တွေ ​ငွေ​ချေး​ခဲ့​သလဲ
1 / 9
Donate to DVB
မြန်မာနိုင်ငံ ဘဏ္ဍာ​ရေး​ဝန်ကြီး​ ဦး​လှထွန်း​၏ ၂၀၁၂ ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း​ ထုတ်​ဖော်​ပြောပြချက်အရ မြန်မာပြည်တွင် နိုင်ငံခြား​ကြွေး​မြီ ​ဒေါ်လာ ၁၁ ဘီလျံ ရှိ​နေ​ကြောင်း​ သိရသည်။ ထိုအ​ကြွေး​ ၁၁ ဘီလျံကို မည်သည့်​နိုင်ငံတို့​မှ ​ချေး​ခဲ့​သည်၊​ ထို​ချေး​ငွေများ​ကို မြန်မာနိုင်ငံအစိုး​ရမှ မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်ကိုမူ အများ​ပြည်သူများ​ သိသာ​စေရန် ထုတ်​ဖော်​ကြေညာခဲ့​ခြင်း​ မရှိခဲ့​ပေ။ အချို့​သော စီး​ပွား​ရေး​ ပညာရှင်များ​က အခြား​သော ​ကြွေး​မြီထူ​ပြောသည့်​ နိုင်ငံများ​နှင့်​ နိုင်း​ယှဉ်လျှင် မြန်မာနိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံမှာ မများ​လှဟု သုံး​သပ်ကြသည်။ သို့​သော် ကမ္ဘာ့​အဆင်း​ရဲဆုံး​နိုင်ငံ စာရင်း​ဝင်လည်း​ဖြစ်၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ အစစတွင် ​နောက်ကျ​နေသည့်​ကြား​က ထိုအ​ကြွေး​များ​ ပြန်လည်​ပေး​ဆပ်ရန် တနည်း​တဖုံ တာဝန်ယူရမည့်​ ပြည်သူများ​ သိရှိ​စေရန်အတွက် မိမိတို့​နိုင်ငံမှ တင်ရှိ​နေ​သော အ​ကြွေး​ ၁၁ ဘီလျံ၏ အချို့​သော အ​ကြွေး​ရှင်များ​ကို စုစည်း​ တင်ပြလိုက်ပါသည်။ ထိုအ​ကြွေး​များ​ကို အစိုး​ရဝန်ကြီး​ဌာနများ​က မည်သို့​မည်ပုံ သုံး​စွဲခဲ့​သည်များ​ကို အများ​ပြည်သူများ​ ပွင့်​လင်း​မြင်သာ ​စေရန်အတွက် ရှင်း​လင်း​ရန် ထိုစဉ်က သက်ဆိုင်ရာ အာဏာပိုင်များ​၏ တာဝန်ပင် ဖြစ်​ပေသည်။ ထို အ​ကြွေး​ငွေများ​မှာ မြန်မာပြည်သူများ​အတွက် ​ကောင်း​ကျိုး​သက်​ရောက်ခဲ့​သည်ဖြစ်​စေ၊​ သက်​ရောက်ခြင်း​ မရှိခဲ့​သည်ဖြစ်​စေ ​နောင်အစိုး​ရများ​မှ ပြည်သူ့​ဘဏ္ဍာ​ငွေကို အသုံး​ပြု၍ ပြန်လည်​ပေး​ဆပ်ရမည် ဖြစ်​သော​ကြောင့်​ မြန်မာပြည်သူများ​ အား​လုံး​အ​ပေါ် တိုက်ရိုက်အကျိုး​သက်မှု ရှိ​နေသည်။ မြန်မာနိုင်ငံအတွင်း​ ဖြစ်​ပေါ်​နေသည့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ကို အ​ကြောင်း​ပြု၍ ဖွံ့​ဖြိုး​ပြီး​ နိုင်ငံများ​ဖြစ်သည့်​ အ​မေရိကန်၊​ ဩစ​တြေး​လျ၊​ က​နေဒါနှင့်​ အီး​ယူနိုင်ငံတို့​က လွန်ခဲ့​သည့်​ နှစ်​ပေါင်း​ ၂၀ အတွင်း​ စီး​ပွား​ရေး​အရ ပိတ်ဆို့​ အ​ရေး​ယူခဲ့​ပြီး​ ​ငွေ​ကြေး​ချေး​ငှား​ခြင်း​များ​ ရပ်ဆိုင်း​ခဲ့​ကြသည်။ ယခုအခါ မြန်မာပြည်သည် ဒီမိုက​ရေစီအုပ်ချုပ်​ရေး​စနစ်ဘက်သို့​ ကူး​ပြောင်း​လာ​နေသည့်​အတွက် ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ကို အား​ပေး​ချီး​မြှင့်​သည့်​ အ​နေဖြင့်​ စီး​ပွား​ရေး​ပိတ်ဆို့​ထား​မှုများ​ကို အ​နောက်နိုင်ငံတို့​က တဖြည်း​ဖြည်း​ချင်း​ ရုပ်သိမ်း​လာ​နေပြီ ဖြစ်သည်။ အ​မေရိကန်၊​ က​နေဒါ၊​ ​နော်​ဝေး​နှင့်​ ဩစ​တြေး​လျတို့​က ပိတ်ဆို့​မှုအချို့​ကို ​လျှော့​ချ​ပေး​ပြီး​၊​ ဥ​ရောပသမဂ္ဂကလည်း​ ပိတ်ဆို့​မှုကို တနှစ်ရပ်ဆိုင်း​လိုက်ပြီဖြစ်သည်။ ​ငွေ​ကြေး​အကူအညီ​ပေး​မည့်​နိုင်ငံများ​၊​ ​ချေး​ငှား​ပေး​မည့်​ နိုင်ငံများ​လည်း​ ​ပေါ်လာသဖြင့်​ လာမည့်​နှစ်အနည်း​ငယ်အတွင်း​ မြန်မာနိုင်ငံတွင်း​သို့​နိုင်ငံခြား​မှ အကူအညီများ​၊​ ​ချေး​ငွေများ​ ​ဒေါ်လာ ဘီလျံနှင့်​ချီ၍ ဝင်လာနိုင်သည်။ ထိုသို့​ အ​ကြွေး​ သစ်များ​ ထပ်မံ​ချေး​ယူခြင်း​ပြုလုပ်လာပါက ပြည်သူများ​အ​နေဖြင့်​ ယခင်​ချေး​ယူထား​သော အ​ကြွေး​ဟောင်း​များ​အား​ သာဓက ယူ၍ နိုင်ငံခြား​ကြွေး​မြီဖြင့်​ လုပ်​ဆောင်မည့်​ မည်သည့်​ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​စဉ်က ​ကောင်း​ကျိုး​ဖြစ်​စေမည်၊​ ဆိုကျိုး​ဖြစ်​စေမည် စသည်ဖြင့်​ မိမိတို့​သက်ဆိုင်ရာ လူထုကိုယ်စား​လှယ်များ​မှ တဆင့်​ တင်ပြ​ဆွေး​နွေး​နိုင်ရန် ရည်ရွယ်၍ ယခုကဲ့​သို့​ အ​ကြွေး​ဟောင်း​များ​ကို စုစည်း​တင်ပြ လိုက်ခြင်း​ဖြစ်သည်။ လက်ရှိ နိုင်ငံတကာအသိုင်း​အဝိုင်း​၏ မြန်မာနိုင်ငံအ​ပေါ်ထား​ရှိ​သော ​ပေါ်လစီအ​ပြောင်း​အလဲများ​သည် မြန်မာနိုင်ငံ၏ “ဒီမိုက​ရေစီ” အသွင်ကူး​ပြောင်း​လာ​သော နိုင်ငံ​ရေး​စနစ်​ကြောင့်​ဟု ​ပြောကြသည်။ အ​နောက်နိုင်ငံများ​၏ မြန်မာပြည်နှင့်​ ဆက်ဆံ​ရေး​သည် ဒီမိုက​ရေစီကို အ​ခြေခံသည်ဟုဆိုလျှင် “မြန်မာပြည်၏ မည်သည့်​ ဒီမိုက​ရေစီ ​ခေတ်ကာလတွင် မြန်မာအစိုး​ရအား​ ​ငွေထုတ်​ချေး​ပေး​ခဲ့​သနည်း​” ဟု ​မေး​လိုသည်။ အဘယ်​ကြောင့်​ ဆို​သော် ဘဏ္ဍာ​ရေး​ဝန်ကြီး​က အ​ကြွေး​ ၁၁ ဘီလျံအနက် ၈.၄ ဘီလျံကို ၁၉၆၂ ခုနှစ်နှင့်​ ၁၉၈၈ အတွင်း​ ​ချေး​ယူထား​သည်ဟု ဆိုသည်။ ဤကာလသည် ဗိုလ်ချုပ်ကြီး​ ​နေဝင်း​က စစ်အာဏာရှင်စနစ်ဖြင့်​ ဖိနှိပ်အုပ်ချုပ်​နေ​သောကာလ၊​ ၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့​နည်း​မြန်မာ့​ဟန် ဆိုရှယ်လစ်စနစ်ဖြင့်​ ပြည်သူများ​အား​ ဆင်း​ရဲတွင်း​နက်​အောင် ထင်ရာစိုင်း​နေ​သောကာလပင်ဖြစ်သည်။ သို့​သော် ၁၉၇၄ ခုနှစ်မှစ၍ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်၊​ အ​မေရိက၊​ ဂျာမနီ၊​ ဂျပန်၊​ ဩစ​တြေး​လျ၊​ ဖင်လန်၊​ ​နော်​ဝေ စသည့်​ နိုင်ငံတို့​က သန်း​ရာ​ပေါင်း​များ​စွာ ထုတ်​ချေး​ပေး​ခဲ့​သည်။ မကြာ​သေး​ခင်က စာ​ရေး​သူ စကား​ပြောခွင့်​ရခဲ့​သည့်​ ဗိုလ်ချုပ်ကြီး​ ​နေဝင်း​ အစိုး​ရလက်ထက် ဝန်ကြီး​တ​ယောက်၏ အဆိုအရ - ဦး​နေဝင်း​ အစိုး​ရသည် အိမ်နီး​ချင်း​နိုင်ငံများ​အပါအဝင် အခြား​စက်မှုနိုင်ငံများ​နှင့်​ အမီလိုက်ရန် နိုင်ငံခြား​မှ ​ငွေ​ချေး​ယူခဲ့​သည်။ အရာရှိများ​သည် စိတ်ထား​ဖြူစင် ရိုး​သား​စွာဖြင့်​ တိုင်း​ပြည်အတွက် လုပ်ခဲ့​ကြသည်။ မှန်သည်ထင်၍ စက်ရုံများ​တည်ခဲ့​ကြသည်။ သို့​သော် ​ငွေ​ကြေး​များ​အား​ မ​အောင်မြင်နိုင်​သော စက်ရုံများ​၊​ နိုင်ငံတကာ ​ဈေး​ကွက် မရှိ​သော ကိစ္စများ​နှင့်​၊​ သဘာဝအရင်း​အမြစ် ဖွံ့​ဖြိုး​ရေး​ကိစ္စများ​တွင် မှား​ယွင်း​သုံး​မိ​ကြောင်း​ ​နောက်ပိုင်း​မှ သိရှိလာရသည်ဟု ဆိုသည်။ စစ်တိုက်ရန် ​လေ့​ကျင့်​ထား​သော စစ်အရာရှိကြီး​များ​သည် စီး​ပွား​ရေး​နှင့်​ တိုင်း​ပြည်စီမံခန့်​ခွဲ​ရေး​ကို နား​မလည်နိုင်​ပေ။ ပိုဆိုး​သည်မှာ ကိုယ်ထင်ရာမှန်၏ ယူဆကာ တံခါး​ကိုပိတ်၊​ အာဏာကိုသုံး​ပြီး​ စစ်တပ်​တွေး​ ​တွေး​ကာ ဆုံး​ဖြတ် လုပ်​ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ ထိုကဲ့​သို့​သော စစ်ဗိုလ်​ဟောင်း​များ​နှင့်​ ဖွဲ့​စည်း​ထား​သော လက်ရှိ အစိုး​ရသစ် လက်ထက်တွင်လည်း​ ထိုကဲ့​သို့​သော အဖြစ်ဆိုး​များ​နှင့်​ ထပ်မံကြုံကြိုက်မည့်​အ​ရေး​ကို ဆင်ခြင်မိသည်။ အချုပ်ဆိုရလျှင် ဒီမိုက​ရေစီ၏ ချန်ပီယံဆို​သော အချို့​အင်အား​ကြီး​ နိုင်ငံများ​သည် ကမ္ဘာ​ပေါ်တွင် အဆိုး​ဆုံး​ အာဏာရှင်အစိုး​ရများ​ကို ​ငွေ​ကြေး​အကူအညီများ​ ​ပေး​ခဲ့​ကြောင်း​ ​တွေ့​ရသည်။ သူတို့​ အကူအညီ​ပေး​သော စီး​ပွား​ရေး​ကဏ္ဍများ​မှာ ပြည်သူများ​အား​ ဖိနှိပ်အုပ်ချုပ်သည့်​ စစ်အစိုး​ရအတွက် ဝင်​ငွေရှာ​ပေး​သော သဘာဝအရင်း​အမြစ် ကဏ္ဍဖြစ်သည်။ ဥပမာအား​ဖြင့်​ စက်မှုဖွံ့​ဖြိုး​ရေး​နှင့်​ ယှဉ်တွဲ၍ မြန်မာနိုင်ငံရှိ သဘာဝဓာတ်​ငွေ့​၊​ ​ရေနံ၊​ တွင်း​ထွက်၊​ ​ရေကာတာ၊​ ကျွန်း​သစ် စသည့်​ စွမ်း​အင်နှင့်​ သဘာဝသယံဇာတဖွံ့​ဖြိုး​ရေး​တို့​အတွက် ဗိုလ်ချုပ်ကြီး​နေဝင်း​အစိုး​ရအား​ ထိုအင်အား​ကြီး​နိုင်ငံများ​မှ အား​ပေး​ အား​မြှောက်ပြုခဲ့​သည်။ မြန်မာပြည် အ​ကြွေး​ ၁၁ ဘီလျံတင်​နေ​ကြောင်း​ ​ကြေညာသည့်​အချိန်မှစ၍ ပြည်သူများ​ စိတ်ဝင်စား​သည်မှာ ဘယ်သူက၊​ ဘယ်တုန်း​က၊​ ဘာအတွက် ​ငွေ​ချေး​ပေး​သည် ဆိုတာဖြစ်သည်။ သုံး​သပ်ချက်အချို့​ကို စီး​ပွား​ရေး​ စာအုပ် အချို့​တွင် ​တွေ့​ရ​သော်လည်း​ ပိုမိုအ​သေး​စိတ် အချက်အလက်များ​ ရှား​ပါး​ ​သေး​သဖြင့်​ ​ငွေ​ချေး​သည့်​ခုနှစ်၊​ နိုင်ငံ၊​ ​ချေး​သည့်​အ​ကြောင်း​အရာတို့​ကို အကြမ်း​ဖျင်း​ တင်ပြရန် ၁၉၇၀ နှင့်​ ၁၉၈၀ ခုနှစ်များ​အတွင်း​ ထုတ်သည့်​ BBC၊​ The New York Times၊​ The Washington Post၊​ The Harald၊​ The Globe and Mail သတင်း​ဌာနများ​၊​ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်နှင့်​ ​ချေး​ငှား​ပေး​သည့်​ အစိုး​ရဌာနအချို့​တို့​မှ အချက်အလက်အချို့​ကို စုစည်း​ တင်ပြရပါသည်။ (မှတ်ချက်။ ​အောက်ပါ ဇယား​သည် သ​ဘောတူညီမှုဆိုင်ရာ အချို့​ အချက်အလက်များ​ကို အ​ခြေခံခြင်း​ဖြစ်သည်။ ​ငွေဝင်၊​ ​ငွေထွက်နှင့်​ သုံး​စွဲလည်ပတ်မှု စသည့်​ အချက်အလက်အ​သေး​စိတ်ကို အစိုး​ရဌာနများ​က ထုတ်ပြန်ရန် လိုအပ်သည်။) (ဆောင်း​ပါး​ရှင် စိုင်း​စိုး​ဝင်း​လတ်သည် က​နေဒါနိုင်ငံ Simon Fraser University တွင် ပါရဂူဘွဲ့​ အတွက် တက်​ရောက်​လေ့​လာ​နေသူ ဖြစ်သည်)  

 

 

 

 

 

  ​    
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013