Home
သုံးသပျခကျြ
လွှတ်တော် ၂ နှစ်ပြည့် အမြင်များ
ရွှေအောင်
·
February 1, 2018
အန်အယ်လ်ဒီလွှတ်တော်တွေ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ လွှတ်တော်သက်တမ်း ၂ နှစ်ပြည့်ပါတယ်။ ဥပဒေပြုဖို့နဲ့ အစိုးရကိုထိန်းကျောင်းဖို့ အဓိကတာဝန်ရှိတဲ့ လွှတ်တော်တွေ အဲ့ဒီ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နိုင်ပြီလား။ ပထမအကြိမ် လွှတ်တော်တုန်းက သီပေါအမတ်ဖြစ်ခဲ့တဲ့ ဦးရဲထွန်းက လွှတ်တော်စခါစမှာ လွှတ်တော်ဟာ အစိုးရကို မထိန်းကျောင်းနိုင်ဘဲ အခုနောက်ပိုင်းတော့ ထိန်းကျောင်းလာနိုင်တယ်လို့ ပြောပါတယ်။ “အန်အယ်လ်ဒီ ကိုယ်စားလှယ်များသည် မိမိတို့ အန်အယ်လ်ဒီအစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်အမှားတွေ၊ လုပ်ထုံးလုပ်နည်းအမှားတွေ၊ ဝန်ထမ်းအဖွဲ့အစည်း ယန္တရားကြီး ပြုပြင်ဖို့ဆိုတာကို ဝေဖန်ထောက်ပြခွင့် မရှိတော့သလို ဖြစ်သွားတာပေါ့၊ ပထမပိုင်းမှာ၊ နောက်ပိုင်းကျ ပြည်ပမီဒီယာတွေက ထောက်ပြတာတွေ ကျနော်တို့တတွေ သုံးသပ်ပြတာလည်း ထိရောက်မှုရှိမယ်လို့ ထင်တယ်လေ၊ နောက်ပိုင်းမှာ အစိုးရရဲ့ လုပ်ဆောင်ချက်ဆိုတာ အစိုးရဆိုတာ အပေါ်ပိုင်းကပေါ့လေ၊ နေပြည်တော်မှာပဲနေကြတဲ့ ဝန်ကြီး၊ ဒု-ဝန်ကြီးတွေပဲ မဟုတ်ဘူး၊ အောက်က ယန္တရားအဟောင်းနဲ့ ယန္တရားအဟောင်းမှာ ပါဝင်တဲ့ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ဗျုရိုကရေစီယန္တရားတွေ အဲ့ဒါတွေကို တာဝန်ယူဖို့ သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သဘောပေါက်လာတယ်။ အစိုးရအဖွဲ့က တာဝန်ယူစိတ်ရှိရှိ ပြုပြင်ရမယ်ဆိုတာကို လွှတ်တော်ဥက္ကဋ္ဌတွေက ပြန်ပြီး တည့်မတ်တာ တွေ့ရတယ်။ ဒါကြောင့် နည်းနည်းပိုပြီးတော့ သူ့အလုပ်သူ ပြန်လုပ်လာနိုင်တယ် ထင်ပါတယ်။” လွှတ်တော်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ လွှတ်တော်တွေဟာ ဥပဒေပြုပြင်ရေးအပိုင်းမှာ အားနည်းတယ်လို့ ဝေဖန်ပါတယ်။ “ဥပဒေပြုရေးအပိုင်းမှာတော့ အရေအတွက်ထက်စာရင် ခေတ်စနစ်နဲ့ ပိုပြီးတော့ ကိုက်ညီတဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ ကြိုးစားတာမျိုးတွေ တွေ့ရတယ်။ ဒါပေမယ့် ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေအသစ်တွေ ပြဋ္ဌာန်းဖို့ ကြိုးစားဖို့လိုသလို ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေအဟောင်းတွေကို ဖျက်သိမ်းတာမျိုးတွေ ပြင်ဆင်တာမျိုးတွေလုပ်ဖို့ လိုတာပေါ့။ ဥပမာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေလို ဟာမျိုးပေါ့ဗျာ။ အဲ့လိုဥပဒေမျိုးတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က နည်းနည်းလေး သုံးသပ်စေချင်တယ်။” ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေအပိုင်းမှာ လေ့လာသင်ယူမှုအပိုင်း အားနည်းတယ်လို့ ထောက်ပြပါတယ်။ “ကျနော့်အနေနဲ့ သံသယမရှိတာကတော့ သူတို့တတွေက ပြည်သူရွေးချယ်တင်မြှောက်ထားတာ ဖြစ်သလို တိုင်းပြည်နဲ့ပတ်သက်ပြီးတော့ ပေးဆပ်ခဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် ဒီလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ကြိုတင်လေ့ကျင့်ထားမှုတွေ၊ သင်တန်းပေးတာတွေ၊ လေ့ကျင့်ပေးတာတွေ မရှိတဲ့အတွက် စစချင်းမှာ အခက်အခဲ အတော်များများ ရှိပါတယ်။ ခံစားမှုနဲ့ ဖြတ်သန်းမှုအရ ရှိပေမယ့် အတတ်ပညာနဲ့ လုပ်ထုံးလုပ်နည်းအပိုင်းမှာ အားနည်းမှုတွေ အများကြီးရှိခဲ့တာ တွေ့ရတယ်။ နောက်တခုကတော့ လွှတ်တော်ရဲ့ ပုံစံထဲမှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ အကူအညီ အထောက်အပံ့တွေ၊ ပံ့ပိုးမှုတွေ အရမ်းအားနည်းတဲ့အတွက် လေ့လာသင်ယူမှုအပိုင်းမှာ အားနည်းမှုတွေ ရှိနေတယ်။ လုပ်ရင်းနဲ့သင်၊ အမှားလုပ်ရင်းနဲ့ သင်ကြားမှုတွေ စနစ်တကျ စွမ်းရည်မြှင့်တင်မှုအပိုင်း အားနည်းတဲ့အတွက် တိုးတက်မှုတွေမှာ အားနည်းမှုတွေ တော်တော်ရှိခဲ့ပါတယ်။ နောက်တခါ လွှတ်တော်တွင်း ပြောဆိုလုပ်ကိုင်မှုမှာ ပါတီရဲ့ပေါ်လစီ၊ ပါတီရဲ့ မူဝါဒတွေနဲ့ ထိန်းချုပ်မှုတွေ၊ စောင့်ကြပ်မှုတွေ ရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အတော်များများက ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း တင်ပြချင်တိုင်း တင်ပြဖို့အတွက် အားနည်းတာတွေ ဒါတွေရှိတယ်။” မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည်း လွှတ်တော်မှာ မေးတဲ့မေးခွန်းတွေ၊ အဆိုတွေက သာမန် ဟန်ရေးပြအဆိုတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ “လွှတ်တော်မှာ မေးတဲ့မေးခွန်းတွေက ဥပဒေပြုလွှတ်တော်တခုနဲ့ မဆီလျော်တဲ့ လမ်းတောင်း၊ တံတားတောင်း၊ ဆေးရုံတောင်း၊ ဆေးပေးခန်းတောင်း၊ အဲ့ဒါတွေက အောက်မှာတောင်းလည်း ရတာပဲဗျာ။ အဲ့ဒါတွေက အပိုအလုပ်တွေ၊ နောက်တခုက အဆိုတွေ ကျပြန်တော့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွက် တကယ့်အထောက်အကူပြုတဲ့ ပေါ်လစီရေးရာဘက်ကို ဦးတည်တဲ့ အဆိုတွေ မဟုတ်ဘဲနဲ့ သာမန်ဟန်ရေးပြ အဆိုတွေပဲ များတယ်။ အစိုးရလုပ်နေတာကို အဆိုပြု၊ အဲ့ဒါကို အစိုးရကလည်း လုပ်နေတယ်။ ဥပမာဗျာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရက တွန်းတွန်းတိုက်တိုက် လုပ်သင့်ကြောင်း တင်တော့ အစိုးရက အင်တိုက်အားတိုက်လုပ်နေပေမယ့် မရနိုင်လို့ ခက်နေတာ။ အဲ့ဒါကို ဘာမှ တိုက်တွန်းစရာ မရှိဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024