Home
မြန်မာသတင်း
၂ဝ၁၈ ဧပြီ ၁ ရက်ကစ၍ လျှပ်စစ်မီတာစနစ် ၄ မျိုးကျင့်သုံးမည်
DVB
·
February 1, 2018
  ၂ဝ၁၈ ဧပြီ ၁ ရက်ကစပြီး လျှပ်စစ်မီတာစနစ် ၄ မျိုးကျင့်သုံးမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ နိုင်ငံပိုင်သတင်းဌာနဲ့ ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာဖြစ်ပြီး ကျေးလက်မီတာနဲ့  မြို့မီတာဆိုပြီး ခွဲခြားကောက်ခံသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ “မီတာစနစ်ကိုလည်း ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်ကစပြီး လူထုတွေ တကယ်သုံးစွဲနိုင်တဲ့ မီတာအဆင့်အမျိုးမျိုးပေါ့၊ ဒါလည်း Four Meter System လို့ခေါ်တယ်၊ မီတာလေးမျိုးပေါ့၊ အရင်တုန်းကတော့မရှိဘူး၊ မီတာ တစ်မျိုးပဲ ရှိတယ်။ ရွာလည်း ဒီမီတာ၊ မြို့လည်းဒီမီတာပဲ အကုန်လုံးက ဒီမီတာပဲ ဆိုတော့ ဈေးကြီးတာပေါ့၊ လူထုကသိပ်မတတ်နိုင်ဘူး၊ မလိုဘဲနဲ့လည်း မီတာကြီး တွေတပ်ပြီး ဈေးကြီးတွေပေးနေရတာပေါ့။ “ကျနော်တို့က Four Meter System ဆိုပြီးလုပ်လိုက်တယ်။ ကျေးလက်နဲ့စပြီး လျှပ်စစ်သုံးတဲ့သူတွေအတွက်က ဈေးချိုတဲ့မီတာ၊ ဈေးချိုပေမယ့် သတ်မှတ် ထားတဲ့ စံချိန် စံညွှန်းတွေ အကုန်ကိုက်ရတာပေါ့၊ ဒီလိုမီတာတွေပါတယ်။ မြို့ငယ် လေးတွေလည်း အိမ်သုံးလောက်ပဲ လုပ်တယ်။ မြို့ကြီးတွေကျတော့ အဲကွန်းတို့၊ စက်မှုသုံးတို့ ဧပြီလ ၁ ရက် ၂၀၁၈ ကနေစပြီးတော့ Four Meter System လုပ်မယ်၊ လူထုမှာရွေးချယ်စရာရှိတယ်။ လေးမျိုးရှိတဲ့အထဲက ကြိုက်နှစ်သက်ရာ သုံးလို့ရတယ်။ ရွေးချယ်ခွင့်ရှိတယ်။ ဈေးလည်း တော်တော်သက်သာသွားမယ်။ ဆိုလိုတာကတော့ နှစ်သောင်းခွဲ၊ သုံးသောင်း ဝန်းကျင် လောက်ပေါ့၊ လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေး အဆင်ပြေသွားမယ်။” အခုသုံးနေတဲ့မီတာရဲ့ အရည်အသွေးတွေကလည်း Radio Frequency ကို သုံးနိုင်တဲ့ ဟာတွေ တဖြည်းဖြည်းပြောင်းသွားမှာဖြစ်ပြီး နောင် ၂ နှစ် ၃ နှစ်မှာ မီတာတွေလည်း ပေးသွားမယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ အရည်အသွေးရှိတဲ့ လျှပ်စစ်မီးဖြစ်ဖို့။ မီးအားငြိမ်ရဖို့၊ Voltage တွေ မှန်ဖို့နဲ့ Frequency တွေမှန်ဖို့ လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ လာပြီး  ရင်းနှီးမြှုပ်နှံကြဖို့နဲ့ ၂၀၂၀ ဝန်းကျင်လောက်ကျရင် မြန်မာပြည်ရဲ့ လျှပ်စစ်မီးဟာ ရင်းနှီးမြှုပ်နှံသူတွေလိုချင်တဲ့ Reliable ဖြစ်တဲ့၊ အရည်အသွေးရှိတဲ့ လျှပ်စစ်မျိုးဖြစ်ဖို့ တာဝန်ယူပါတယ်လို့လည်း လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ကတိပြု ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024