ဗိုလ်ချုပ်ကြေးရုပ် သယ်ဆောင်ခြင်း အခမ်းအနား မြောက်ဒဂုံတွင် ကျင်းပ
DVB
·
January 31, 2018
ဗိုလ်ချုပ်ကြေးရုပ် သယ်ဆောင်ခြင်း အခမ်းအနားကို ကျင်းပပြီး မြောက်ဒဂုံ သီတဂူဗုဒ္ဓ တက္ကသိုလ်ကျောင်းတိုက်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ခေတ္တထားရှိသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြောက်ဒဂုံ မြို့နယ်မီးသတ်ဦးစီဌာနရုံးမှာ ထားရှိတဲ့ ကြေးပိဿာချိန် ၃၀၀နဲ့တည်ဆောက်ထားပြီး ငွေကျပ် သိန်း ၁၃၀ ကုန်ကျခံ ပြုလုပ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို အခမ်းအနားနဲ့ သယ်ဆောင်ခဲ့ကြတာပါ။
ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ မြောက်ဒဂုံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ပြည်သူတွေနဲ့ လှည့်လည်သယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ဘင်ခရာအစီအစဉ်တွေနဲ့ သယ်ယူရေးအစီအစဉ်ကို မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဦးနေမျိုးဇင်က ဝင်ရောက်အားဖြည့်ပေးခဲ့ပြီး ကျောင်းအသီးသီးက ကျောင်းသားတွေ၊ ကင်းထောက်မောင်မယ် အပါအဝင် ပြည်သူ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
လက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို မြောက်ဒဂုံ ၃၃ ရပ်ကွက်နဲ့ ၃၄ ရပ်ကွက်ကြား ငမိုးရိပ်ချောင်းကူး ဘေလီတံတားထိပ်၊ ပါရမီလမ်းလယ်ကျွန်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက် ၈ နာရီမှာ ဖွင့်ပွဲ ပြုလုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
အမြင့်ပေ ၉ ပေရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို တောင်ဒဂုံ ၂၀ ရပ်ကွက်မှာ နေထိုင်တဲ့ လင်္ကာဒီပ ကြေးသွန်းဆိုင်က ကြေးသွန်းပညာရှင် ဦးအောင်ကျော်ထွန်းကိုယ်တိုင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။