DVB Logo
Home
မြန်မာသတင်း
မဲလက်မှတ် ဖယောင်းသုတ်မှု ကော်မရှင် ငြင်းဆို
DVB
·
May 9, 2012
မဲလက်မှတ် ဖယောင်းသုတ်မှု ကော်မရှင် ငြင်းဆို
Donate to DVB

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲ လက်မှတ်တွေမှာ ဖယောင်းသုတ်ထားတယ်လို့ အန်အယ်လ်ဒီက စွပ်စွဲပြောဆိုမှု အပေါ် ကော်မရှင် က ဖော်ထုတ်စစ်ဆေးခဲ့ပြီး၊ ဒီဖြစ်စဉ်မှန်ကန်မှု မရှိဘူးလို့ မေလ ၈ ရက် နေ့စွဲ နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကော်မရှင်ရဲ့ ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး၊   အန်အယ်လ်ဒီ ပါတီက ကြိုဆိုလိုက်ပြီး ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက အချက် ၃ ချက်နဲ့  အခုလို တုံ့ပြန် လိုက်ပါတယ်။

“ပထမတချက်က စုံစမ်းစစ်ဆေးမှုဆိုတာ ပြည်ထောင်စု ကော်မရှင်ကလုပ်တာ၊ သူတို့လုပ်တဲ့ စုံစမ်းစစ်ဆေးမှုအရ ဖယောင်းမသုတ်ထားဘူးလို့ တွေ့ရှိရတဲ့အတွက် ဒီဟာကို ကြိုဆိုပါတယ်။ ကျနော်တို့ကလည်း သုတ်ထားမှာကို ကြောက်တာကိုး၊ ဒါပဲ။ နံပါတ်နှစ်အချက်က အဖွဲ့ချုပ်ရဲ့ တင်ပြချက်တွေက တဆင့်ကြားစကားတွေ၊ မမှန်ဘူးပေါ့။ ကျနော်တို့ မငြင်းဘူး၊ တဆင့်ကြားပဲ။ ကျနော်တို့ကိုယ်တိုင် မဲရုံထဲသွားလို့ ရတာမဟုတ်ဘူး။ မဲရုံက ကတ်ပြားလည်း ယူထုတ်ခွင့်ရှိတာမဟုတ်ဘူး။ ကျနော်တို့က တဆင့်ကြားမှာ မမျှတတဲ့ အခြေအနေတွေ ဖြစ်မှာစိုးလို့ တင်ပြတာပဲ။ တတိယအချက်က စုံစမ်းစစ်ဆေးတဲ့အခါ ဖယောင်းသုတ်ထား သကဲ့သို့ ဖြစ်ပြီး ပြောင်ချောနေတဲ့ စက္ကူပေါ်မှာ ခြစ်မရတဲ့ ပယ်မဲတွေ အများကြီးတွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ တင်ပြချက်၊ မဲဆန္ဒရှင်တွေရဲ့ ပြောကြားချက်တွေက အဓိပ္ပာယ်ရှိတဲ့ ပြောကြားချက်တွေပါ။ ဖယောင်းသာ မသုတ်ထားတယ်၊ အလားတူဟာမျိုး ရှိနေတာကိုတွေ့တယ်။

အဲဒီတော့ နောက်ဆုံးတခု ပြောချင်တာက ကျနော်တို့က ရွေးကောက်ပွဲကာလမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်တွေက အားလုံး တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ကို ရည်စူးတာ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လိုလားသူ အားလုံးကလည်း အဲဒီ သတင်းမှန်ကန်မှု ရှိမရှိကို စိစစ်ဖို့တာဝန် ရှိတယ်လို့ ပြောချင်ပါတယ်။”

ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့  မဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတယ်လို့ တိုင်ကြားသူ တယောက်မှ မရှိဘူး၊ အခြေအမြစ်မရှိတဲ့ တဆင့်ကြားစကားတွေနဲ့ အန်အယ်လ်ဒီပါတီက တိုင်ကြားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကော်မရှင်ရဲ့ ထုတ်ပြန်ပြောဆိုချက်အပေါ်မှာ ဦးဥာဏ်ဝင်းက ခုလို တုံ့ပြန် ပြောဆိုပါတယ်။

“ထင်ယောင်ထင်မှား ဖြစ်စရာမရှိပါဘူး။ စုံစမ်းတွေ့ရှိချက်အရ ဖယောင်းသုတ်ထားသလို ခြစ်မရလို့ ပယ်မဲဖြစ်နေတာ အများကြီးတွေ့တယ်။ ဒါကြောင့် ဒီသတင်းက အခြေအမြစ်ရှိတဲ့သတင်း တခုလို့ ကျနော်တို့က မြင်ပါတယ်။”

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီအနေနဲ့ သတင်းတစုံတရာ ထုတ်ပြန်ဖို့မရှိဘဲ၊ ဒါဟာ ကော်မရှင်အနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်ကို မှတ်တမ်းသဘောမျိုး ထုတ်ပြန်တာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတဲ့ကိစ္စဟာ တနိုင်ငံလုံးမှာ ဖြစ်ပွားနေတယ်၊ ဒါဟာ မဲလက်မှတ် ကို ဖျက်ဆီးတာပဲဖြစ်လို့ အရေးယူပေးပါလို့ အန်အယ်လ်ဒီပါတီက ဧပြီလ ၁ ရက်နေ့ မှာ ရွေးကောက်ပွဲကော်မရှင်ထံ စာရေးသား ပေးပို့ခဲ့ပြီး၊ အဲ့ဒီစာကြောင့် ကော်မရှင်က မြို့နယ် ၁၀ မြို့နယ်မှာ ဖယောင်းသုတ်ထားတာ ရှိ မရှိ စုံစမ်း စစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013