DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်
DVB
·
May 9, 2012
ဒီမိုကရေစီလှုပ်ရှားသည့် ကျောင်းသားများ ပညာရေးပိတ်ပင်ခံနေရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်
Donate to DVB

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ပညာ ဆက်သင်ဖို့ ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

[caption id="attachment_25125" align="alignleft" width="284" caption="ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားများတွေ့ဆုံစဉ်"][/caption]

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးနဲ့  ဒီနေ့ တွေ့ဆုံတဲ့အချိန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဗကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“အန်တီက ကူညီမယ်ဆိုတာက အဓိကတော့ သူ့အနေနဲ့ လွှတ်တော်ထဲ မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြော မယ်ပေါ့။ ပြောခွင့်ရမယ်ဆိုရင် ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တင်ပြမယ်။ တင်ပြတဲ့ အနေအထား မျိုးမှာ သူ့အနေနဲ့ပြောတာ က ကောင်းတဲ့အရာ တခုကို တင်ပြလို့ သူတို့ဘက်က ငြင်းပယ်မယ်ဆိုရင် ဒီအရာကို ပြည်သူတွေက မုန်းမယ်ဆိုတဲ့အကြောင်းအရာကို၊ သူတို့အနေနဲ့ ခံရမယ်ဆိုတာကို သူတို့လည်း ကောင်းကောင်း သဘောပေါက်နေတယ် ဆိုတာကို ပြောတယ်။”

ကိုသီဟ၀င်းတင်ဟာ ဥပဒေ ဒုတိယနှစ်တက်နေတုန်း ၂၀၀၈ ခုနှစ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှု နဲ့ ထောင်ကျခဲ့ပါတယ်။

မနှစ် အောက်တိုဘာလမှာ ထောင်က ပြန်လွတ်လာတဲ့နောက် ကျောင်းပြန်တက်ဖို့ ကျောင်းမှာ သွားရောက်စုံစမ်း ကြိုးစားပေမယ့် ကျောင်းက အကြောင်းပြချက်မပေး ဘဲ ငြင်းပယ်ခဲ့တယ် လို့  ပြောပြပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုအောင်အောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဟန်နီဦး၊ ကိုနန္ဒာစစ်အောင်နဲ့  ကိုဘုန်းပြည့်ကြွယ်တို့ လည်း ထောင်က ပြန်လွတ် လာပြီးနောက် ကျောင်းတွေက ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။

“ထောင်ကထွက်ထွက်ချင်းမှာပဲ ကျနော်က အောက်တိုဘာမှာ လွတ်တယ်။ မဖြိုးဖြိုးအောင်၊ ကျနော်၊ ကိုလင်းထက်နိုင်ရယ်က အောက်တိုဘာမှာ လွတ်တယ်။ လွတ်တော့ သွားစုံစမ်းကြတယ်။ စုံစမ်းတဲ့အနေအထားမှာ သူတို့ဘက်က အဲဒီလိုမျိုးတွေပြောပြီးတော့ ကျနော်တို့ကို ပယ်ချတယ်။ ကျန်တဲ့လူတွေက နောက်ဆုံးလွတ်တဲ့အခါကျတော့ ကျောင်းကိုသွားပြန်စုံစမ်းတယ်။ အဲဒီအချိန်မှာလည်း ကျနော်တို့ကို ပြောတဲ့ပုံစံအတိုင်းပဲ ပြောတယ်။ ရမလိုလို၊ မရဘူးလိုလို၊ ပြန်ဆက်သွယ်ပါမယ်လို့ ပြောပြီးတော့ ပြန်လည်းမဆက်သွယ်ဘူး။ သွားစုံစမ်းတော့ ခုနပြောသလို ၂နှစ်၊ ကျောင်းကို ပြန်မအပ်လို့ရှိရင် ကျောင်းကထုတ်ပြီးသားဖြစ်တယ်လို့ ပြောတယ်။”

ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ  ထောင်က လွတ်လာအပြီး ပထမဆုံး အကြိမ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသမဂ္ဂ တရားဝင် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ ခေတ်မီရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုသီဟ၀င်းတင်က ပြောပါတယ်။

“ကျနော်တွေ့တဲ့အချိန်မှာ အန်တီ့အနေနဲ့ပြောတာက ပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဒုက္ခတွေရယ်၊ အဲဒါတွေ ပြောဆိုဆွေးနွေးတယ်။ ဗကသ အဖွဲ့ချုပ်ကို နိုင်ငံတကာ ကျောင်းသားသမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံမျိုး လေ့လာဖို့ရယ်၊ ပြီးတော့ သမဂ္ဂ တရားဝင်ဖြစ်မြောက်ဖို့ ဥပဒေအရ ကူညီပေးမယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ကျောင်းသားသမဂ္ဂ ရှိလိမ့်မယ်ဆိုတာကို သူမျှော်လင့်တယ်။ ပြီးတော့ ကျနော်တို့တွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ကူညီမယ်လို့လည်း ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံတဲ့ ဗကသခေါင်းဆောင် ၉ ဦးဟာ ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ထောင်ကျပြီးနောက် မနှစ်တုန်းက ရှေ့ဆင့် နောက်ဆင့် ပြန်လွတ်လာကြတာဖြစ်ပါတယ်။

သူတို့ကို ပြည်တွင်း တက္ကသိုလ်တွေက ပြန်လက်မခံရုံသာမက ပြည်ပတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးလည်း သက်ဆိုင်ရာက နိုင်ငံကူးလက်မှတ်တွေ ထုတ်မပေးလို့ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့  ကိုသီဟ၀င်းတင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013