DVB Logo
Home
အာရှဒေသ
အမျိုးသမီးအလုပ်သမားများအတွက် ပထမဆုံး အင်ဒိုနီးရှားရေဒီယို
DVB
·
May 9, 2012
အမျိုးသမီးအလုပ်သမားများအတွက် ပထမဆုံး အင်ဒိုနီးရှားရေဒီယို
1 / 3
Donate to DVB

ဒမ်မာ ဖယ်ရီ အာဒီယန် (ဂျကာတာ၊ အင်ဒိုနီးရှား)

အလုပ်ချိန်မှာဆိုရင် အာရီ ၀ီဒီယာ စတာရီဟာ ဂျကာတာမြောက်ပိုင်းက သွားကြားထိုးတံ  စက်ရုံတရုံမှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် သူ့ အလုပ်က အဲဒီစက်ရုံမှာတင် မပြီးသေးပါဘူး။ သူဟာ မာစီနာ ရေဒီယိုမှာ အစီအစဉ် ထုတ်လွှင့်ဖတ်ကြားတဲ့သူလည်း ဖြစ်ပါတယ်။

မာစီနာ ရေဒီယိုဟာ  စက်ရုံအလုပ်သမ တယောက်ရဲ့နာမည်ကို အစွဲပြုပြီး ခေါ် တဲ့ ရေဒီယိုဖြစ်ပါတယ်။ အဲဒီ မာစီနာ အမည်ရှိ အလုပ်သမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉ နှစ်အကြာက သပိတ်မှောက်ပွဲတခုကို ဦးစီးခဲ့တဲ့အတွက် ညှဉ်းပန်းနှိပ်စက် မုဒိန်းကျင့်ခံရပြီး အသတ်ခံခဲ့ရသူပါ။

"သီတင်းပတ်ကုန်လုနီးပြီ ဆိုတော့ ရေဒီယို ပရိသတ်ကို နှုတ်ဆက်ပြီး သည်တပတ်အတွင်း သူတို့ ရဲ့ အလုပ်ရုံ စက်ရုံတွေမှာ တွေ့ ကြုံခဲ့ရတာတွေ ကို ပြောခိုင်းဖို့ ပဲ ရှိပါတယ်" လို့  ၀ီဒီယာ စတာရီ က ပြောပါတယ်။ ပြောရင်းနဲ့ပဲ ရေဒီယို အသံလွှင့် စတူဒီယိုအခန်းထဲမှာ နေရာဝင်ယူလိုက်ပြီး ပရိသတ်ဆီက တယ်လီဖုန်းမက်ဆေ့နဲ့ ပို့တဲ့စာတွေကို စတင် ဖတ်ရှုပါတယ်။

စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့ အမျိုးသမီးအလုပ်သမတွေရဲ့ နေ့ စဉ် အတွေ့အကြုံတွေကို ဒီရေဒီယိုက နေ့စဉ် နားထောင်ပေးပါတယ်။ စက်ရုံ အလုပ်သမ တယောက်ဖြစ်တဲ့ တီတင် ၀ါတီနီဟာ မာစီနာရေဒီယိုပရိသတ် တယောက်ဖြစ်ပြီး ဒီနေ့တော့ သူဟာ သူ့အတွေ့အကြုံကို ပြောပြဖို့  မာစီနာရေဒီယို ကို ဖုန်းနဲ့ ဆက်လိုက်ပါတယ်။

"ကျမဟာ မနက် ၇ နာရီခွဲကနေ ညနေ ၄နာရီခွဲအထိ အလုပ်လုပ်ရတယ်။ တရက်ကို တနာရီ အလုပ်ပို လုပ်ရ တယ်။ ဒါပေမယ့် အဲဒီအတွက် အချိန်ပို လုပ်အားခ မရဘူး။ အဲဒါဟာ ဥပဒေနဲ့  မညီဘူး” လို့  သူက ပြောလိုက်ပါ တယ်။

အင်ဒိုနီးရှား အလုပ်သမားဥပဒေအရ အလုပ်သမား တယောက်ဟာ တပတ်ကို နာရီ ၄၀ ပဲ အလုပ်လုပ် ရပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေဟာ ဥပဒေကို ချိုးဖောက်ပြီး အချိန်ပိုကြေးမပေးဘဲ နေတတ်ကြတယ်။ အင်ဒိုနီးရှား အလုပ်သမ အများအပြားဟာ မီးဖွားခွင့်မရပါဘူး။ ဒါပေမယ့် သူတို့ ဟာ အလုပ်ဖြုတ်ခံရမှာ ကြောက်တဲ့အတွက် အခွင့်အရေးဆုံးရှုံးတာကို စောဒက မတက်ရဲကြဘူး။

ဒါပေမယ့် မာစီနာရေဒီယိုဟာ အမျိုးသမီးတွေကို အခွင့်အရေးရရှိရေးအတွက် အားပေးနေပါတယ်" လို့  ရေဒီယိုကို စတင်တည်ထောင်ခဲ့တဲ့ ဒီယန်စက်ပတီ ထရစ်နန်တီက ပြောပါတယ်။

"အခြေခံလူတန်းစားအဆင့်မှာဆိုရင် အမျိုးသမီးတွေဟာ သူတို့ ရသင့်ရထိုက်တဲ့ အမျိုးသမီးအခွင့်အရေးတို့၊ အလုပ်သမားအခွင့်အရေးတို့ကို မသိကြဘူး။ ဒီအခွင့်အရေးတွေရှိမှန်း သိလာမှ အဲဒါတွေကို ရအောင် လုပ်လာကြမှာ" လို့ သူက ပြောပါတယ်။

မာစီနာရီရေဒီယိုအစီအစဉ်တွေဖြစ်တဲ့ `နံနက်ချိန်ခါ နားဆင်စရာ´ အစီအစဉ်နဲ့ ညနေပိုင်းထုတ်လွှင့်တဲ့ `ဟောသည်ကမ္ဘာကြီး´ အစီအစဉ်တွေမှာ အမျိုးသမီးအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးတွေ ထည့်သွင်းထားပါတယ်။

အလုပ်သမားအခွင့်အရေးအကြောင်းနဲ့ အလုပ်သမားသမဂ္ဂအကြောင်း ဆွေးနွေးတဲ့ စကားဝိုင်းအစီအစဉ်လည်း ၅ ခုရှိပြီး အဲဒီစကားဝိုင်းအစီအစဉ်တွေမှာ ရေဒီယိုပရိသတ်က ဖုန်းနဲ့ပို့တဲ့ စာတွေကိုလည်း ပြန်ကြားပေးပါတယ်။

မာစီနာ ရေဒီယိုလို့ ခေါ်တဲ့ ၁၀၆ အက်ဖ်အမ်ရေဒီယိုဟာ စက်ရုံတွေရဲ့ အလုပ်ချိန်နဲ့ အဆင်ပြေအောင် မနက်ခင်းနဲ့ ညနေခင်းတွေမှာပဲ အသံလွှင့်ပါတယ်။ ရေဒီယိုအသံက အသစ်ဖြစ်တဲ့အတွက် ပရိသတ်တော့ များများ မရှိသေးပါဘူးလို့ ထရစ်နန်တီက ပြောပါတယ်။ ဒါပေမယ့် စွဲစွဲမြဲမြဲ နားထောင်တဲ့ ပရိသတ်တွေတော့ တိုးလာနေပါတယ်။

“ကျမက မာစီနာရေဒီယိုကို နားထောင်ရတာ သဘောကျတယ်။ ဒါက စီးပွားရေး ရေဒီယိုမဟုတ်ဘဲ အဖွဲ့အစည်း အသိုင်းအ၀ိုင်းအကျိုးအတွက် လွှင့်တဲ့ ရေဒီယို ဖြစ်လို့ပါ။ တခြား ရေဒီယိုတွေနဲ့ ယှဉ်ရင် တော်တော် ခြားနားတယ်။ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ တိုးတက်ရေးဆိုတဲ့ ရေဒီယိုရဲ့ ရည်မှန်းချက်ကို ကျမလည်း လက်ခံတယ်” လို့ ပရိသတ်အသစ်တယောက်ဖြစ်တဲ့ အာတင်ကူမီယာတီ ကပြောပါတယ်။

မာစီနာရေဒီယို ကို ယခုနှစ် ဧပြီ ၂၁ ရက် စပြီး လွှင့်ပါတယ်။ အဲဒီနေ့ဟာ အင်ဒိုနီးရှားမှာ ကာတီနီနေ့လို့ တွင်ပါတယ်။ ကာတီနီက အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသားသူရဲကောင်း တယောက်ပါ။ သူဟာ အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။

မာစီနာရေဒီယိုရဲ့ အမာခံပရိသတ်ဖြစ်တဲ့ တီတင်ဝါတီနီကတော့ စကားဝိုင်း အစီအစဉ်တွေကို တခြား ပရိသတ်တွေ နားထောင်စေချင်တယ်လို့ ပြောပါတယ်။ ဒါမှ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးအကြောင်းနဲ့ အလုပ်သမား အခွင့်အရေးအကြောင်းကို ပိုသိလာမယ်လို့ သူက ပြောပါတယ်။

“အမျိုးသမီးဆိုတာ မီးဖိုချောင်ရယ်၊ ရေတွင်းရယ်၊ မွေ့ယာပေါ်မှာပဲ နေရမယ်ဆိုတဲ့ အယူအဆနဲ့ပဲ ကျမဘ၀တလျှောက်လုံး ကြီးပြင်းလာခဲ့ရပါတယ်။ မာစီနာ ရေဒီယိုဟာ ကျမတို့ကို မျက်စိဖွင့်ပေးတဲ့ ရေဒီယိုပါ” လို့ သူက ပြောပါတယ်။

“ကျမတို့ သတ္တိရှိရမယ်။ ရှေးခေတ်ကလို နေလို့မဖြစ်ဘူး။ ကျမဟာ အလုပ်သမား တယောက်အနေနဲ့ အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ဖိနှိပ် နှိမ့်ချတာကိုတော့ မခံချင်ဘူး။”

(အင်ဒိုနီရှားရဲ့ လွတ်လပ်သောရေဒီယို သတင်းဌာနတခု ဖြစ်တဲ့  KBR 68H ရဲ့ အေးရှားကောလင်း ရေဒီယိုအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အာရှနိုင်ငံ ၁၀ နိုင်ငံမှာ သူ့နိုင်ငံရဲ့ ဘာသာစကားတွေနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ (အေးရှားကောလင်းရေဒီယိုရဲ့ တခြား သတင်းဆောင်းပါးများကို www.asiacalling.org မှာ ဖတ်ရှုနိုင်ပါတယ်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013