ကနီမြို့နယ်တွင် ခြေ ၃ ချောင်းသာပါသည့် နွားထီးလေးတကောင်မွေး

1.7K
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အထက်ကင်းကျေးရွာမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ခြေသုံးချောင်းသာပါရှိတဲ့ အဖြူရောင် နွားထီးလေးတစ်ကောင် မွေးဖွားခဲ့ပါတယ်။
ရွာမှာရော ဒေသတွင်းမှာပါ အခုလိုမျိုး နွားမွေးတာ မကြားဖူး၊ မတွေ့ဖူးတဲ့အတွက် အံ့ဩနေကြပါတယ်လို့ နွားပိုင်ရှင်ဖြစ်တဲ့ ဦးမင်းဦးက ဒီဗွီဘီကိုပြောပါတယ်။
"အရင်က ကြုံလည်းမကြုံဖူးဘူး။ ခြေ ၃ ချောင်းထဲဆိုတော့ အထူးအဆန်းဖြစ်နေတယ်။ နွားလေးက ထပြီးနို့မစို့နိုင်တော့ နို့ညှစ်ပြီး ပြန်တိုက်ပေးနေရတယ်။ ထူးထူးဆန်းဆန်းဖြစ်လို့ သူ့ပဲပြုစုနေရတယ်။ အိမ်က တောင်သူအလုပ်တောင် လူငှားနဲ့ လွှတ်ထားရတယ်။ ဒီလို အထူးအဆန်းမွေးတော့ မိရိုးဖလာအယူအဆအရ စီးပွားတက်မယ်၊ ကျန်းမာမယ်ဆိုတဲ့ ယုံကြည်မှု မျိုးတော့ ဖြစ်မိတာပေါ့။ လောလောဆယ်တော့ အရွယရောက်လာအောင် ပြုစုပေးရမှာပဲ။ နောက်ပိုင်း ဘေးမယ့်လွှတ်တာတို့ ဘာတို့ဆိုရင်တော့ ပို့ပေးမှာပါ"
အထက်ကင်းကျေးရွာက အိမ်ခြေ ၁၇၀ ကျော်ရှိပြီး တောင်သူကိုသာ အဓိက လုပ်ကိုင်ကြတာပါ။ ဒီလိုအထူးအဆန်းတွေလည်း ကြုံတွေ့တာမရှိဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးကြွယ်က ပြောပါတယ်။
"ကျနော့်အိမ်နားလေးမှာပဲ။ နွားလေးက ရှေ့လက်၂ချောင်းရယ်၊ နောက်ခြေထောက် ၁ ချောင်းရယ်က ပုံမှန်ပဲ။ ညာဖက်ခြေထောက်မပါတာ။ အရာလေးတောင်ပါမလာဘူး။ ဒီနေ့တော့ သူ့ကိုသူရပ်နိုင်ပြီ။ အရင်နေ့ကတော့ နှုတ်သီးနဲ့ထောက်ပြီး ထဖို့ကြိုးစားတာ မရဘူး။"လို့ ဆိုပါတယ်။
အခုလို ကိုယ်လက်အင်္ဂါမစုံပဲမွေးဖွားတာက မျိုးရိုးဗီဇကြောင့်မို့ ဖြစ်နိုင်ပြီး တိရစ္ဆာန်တွေ တင်မက လူတွေမှာလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် အထက်ကင်းဒေသမှာတော့ အခုလိုထူးထူးဆန်းဆန်း မွေးဖွားတာမျိုးကတော့ မကြုံဖူးဘူးလို့သိရပါတယ်။