အစ်ကိုဝမ်းကွဲ၏ အဓမ္မပြုကျင့်ခံရသည့် ၈ လအရွယ် ကလေးငယ် အသက်အန္တရာယ် စိုးရိမ်ရ

1.7K
အစ်ကိုဝမ်းကွဲဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ရှစ်လအရွယ် ကလေးငယ်တဦးဟာ ဆေးရုံတက်ရောက် ကုသခံနေရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တိုင်းမ်အော့ဖ်အိန္ဒိယ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီကလေးငယ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်သွားတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်လို့ ရဲတွေက ပြောပါတယ်။
ကလေးငယ်ကို အချိန် ၃ နာရီကြာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ ဒေလီမြို့ အမျိုးသမီးရေးရာ ကော်မရှင် အကြီးအကဲ ဆွာတီမာလီဝဲလ်က ပြောပါတယ်။
“ငယ်သံပါအောင် အော်ငိုနေတဲ့အသံကို အထူးကြပ်မတ် ကုသဆောင်ထဲက ကြားရတယ်။ သူ့ရဲ့ အတွင်းပိုင်းအင်္ဂါတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ခံထားရတယ်ရှင့်။”
ဒီအဖြစ်အပျက်ဟာ နေအိမ်မှာ မိဘတွေမရှိတဲ့အချိန် ဖြစ်ခဲ့တာဖြစ်ပြီး သူတို့ နေအိမ်ပြန်ရောက်လာချိန်မှာ သွေးထွက်လွန်နေတဲ့ သမီးငယ်ကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ကလေးငယ်ရဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အဲဒီအမျိုးသားကိုတော့ ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ကာ အသက်မပြည့်သေးသူ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုဥပဒေအရ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ၂၀၁၅ ခုနှစ်က လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးဦးရေ ၁၁၀၀၀ နီးပါး ရှိတယ်လို့ အမျိုးသားပြစ်မှုမှတ်တမ်းဆိုင်ရာဗျူရိုက ဆိုပါတယ်။
ဒါဟာ ဒေလီမြို့တော်မှာ နေ့စဉ် ကလေးသုံးဦးမှာ တဦး အဓမ္မပြုကျင့်ခံနေရတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မုဒိမ်းမြို့တော်လို့ သိကြတဲ့ နယူးဒေလီမြို့တော်ဟာ ၂၀၁၂ ခုနှစ်က ကျောင်းသူတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့အတွက် သတင်းစာခေါင်းစီးတွေမှာ နေရာယူခဲ့ပြီး ကမ္ဘာတလွှား ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပါတယ်။