
မြန်မာနိုင်ငံက ဦးတေဇပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင်ငွေလွှဲတဲ့လုပ်ငန်းမှာ ပူးတွဲဆောင်ရွက်ဖို့အတွက် ထိုင်းနိုင်ငံက အထင်ကရဘဏ်ကြီးတခုဖြစ်တဲ့ K Bank လို့ ခေါ်တဲ့ ကစီကွန်း ထိုင်း (Kasikorn Bank) နဲ့ မနေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကစီကွန်း ထိုင်းဘဏ်ဌာနချုပ်မှာ မေ ၈ ရက်နေ့ မွန်းလွဲပိုင်းက ငွေလွှဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့မြန်မာနဲ့ထိုင်း ဘဏ် ၂ ခုတို့အခမ်းအနားနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။
မြန်မာဘက်က အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းနဲ့ ထိုင်းဘက်က ကစီကွန်းဘဏ် (Kasikorn Bank) ဒုတိယမန်နေဂျာ ခွန်ဆုမ်ကစ်တို့ လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့တယ်လို့ ကစီကွန်းဘဏ်က စုံစမ်းသိရပါတယ်။
ထိုင်းနိုင်ငံထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေချောမွေ့စွာ အိမ်ကိုငွေပြန်ပို့နိုင်ဖို့ ရည်ရွယ်ပြီး ဒီလုပ်ငန်းကို စတင်လိုက်တာလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကစီကွန်းဘဏ်က တာဝန်ရှိသူတဦးဖြစ်တဲ့ ခွန်နာ့သ်ဖုန်းက ဒီဗွီဘီကို ပြောပြပါတယ်။
“ထိုင်းနိုင်ငံထဲမှာ လာပြီးအလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဟာ အလုပ်ကို ပင်ပန်းခက်ခဲစွာလုပ်ရပြီး အိမ်ကိုပြန်ပြီးငွေပို့တဲ့အခါ တရားမဝင်တဲ့နည်းနဲ့လွှဲရင် အခန့်မသင့်ရင် ဆုံးရှုံးမှုတွေ ကြုံရတတ်ပါတယ်။ ဒီအချက်နဲ့အတူ လူ့အခွင့်အရေးအပေါ် အခြေခံပြီး မြန်မာနိုင်ငံနဲ့ တရားဝင်ငွေလွှဲ လုပ်ငန်းဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်ကို ခွင့်ပြုချက် တောင်းခံခဲ့တာ ဖြစ်တယ်။ ငွေလွှဲစံနှုန်းအနေနဲ့ နေ့စဉ်ပြောင်းလဲနေတဲ့ ယူရိုငွေနှုန်းထားတွေပေါ် မူတည်မှာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေအတွက်တော့ ငွေလွှဲနှုန်းကို အထူးလျှော့ပေါ့ပြီး သတ်မှတ်ပေးမယ်၊ ဖောက်သည်အနည်းအများပေါ် မူတည်ပြီး ဘဏ်ခွဲအသီးသီးမှာ မြန်မာဘာသာပြန် ဝန်ထမ်းတွေပါ ခန့်ထားဖို့ အစီအစဉ်ရှိတယ်။ မနေ့တုန်းက သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း လုပ်ငန်းစဉ် စနစ်တကျဖြစ်ဖို့ ပြင်ဆင်ရမှာဖြစ်တဲ့အတွက် လာမယ့် ဇွန်လထဲမှာမှ စပြီးဖွင့်နိုင်မယ်။ မြန်မာအလုပ်သမားတွေ အများဆုံးရှိတဲ့ မဟာချိုင်ဒေသမှာ ပထမဆုံး ဝန်ဆောင်ပေးသွားမှာဖြစ်ပြီး ဇူလိုင်လထဲမှာတော့ တနိုင်ငံလုံးမှာရှိတဲ့ ကစီကွန်း ဘဏ်ခွဲတွေကနေ တဆင့် ငွေလွှဲနိုင်ဖို့ စီစဉ်ထားတယ်။”
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ငွေလွှဲလိုသူတွေအနေနဲ့ ထိုင်းနိုင်ငံ ကစီကွန်းဘဏ်ကနေ မြန်မာနိုင်ငံ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်တော့မှာ ဖြစ်ပါတယ်။
ကစီကွန်းဘဏ်ဟာ ထိုင်းနိုင်ငံတွင်းမှာ အသုံးပြုနေတဲ့ အလိုအလျောက် ငွေထုတ်စက် (အေတီအမ်)ထဲမှာ မြန်မာဘာသာကို ပထမဆုံးထည့်သွင်းပေးထားတဲ့ ဘဏ်တခုဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်သမားတွေ အများဆုံးရှိတဲ့ ရနောင်း၊ မဟာချိုင်၊ မဲဆောက်၊ ချင်းမိုင်၊ မယ်ဆိုင် စတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က အေတီအမ်စက်တွေထဲမှာ မြန်မာဘာသာကို အသုံးပြုပြီး ငွေထုတ် ငွေလွှဲခြင်းတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ တရားမဝင် ငွေလွှဲလုပ်ငန်းတွေနဲ့ နီးစပ်ရာ ပွဲစားတွေကနေတဆင့် နေရပ်ကို ငွေပို့ကြရတာ ဖြစ်ပါတယ်။











