Home
မြန်မာသတင်း
တင်ဒါအောင်ပြီး ကောင်းကောင်းမလုပ်သည့်ကုမ္ပဏီကို အရေးယူရန်လွှတ်တော်ဥက္ကဋ္ဌ သတိပေး
ပိုင်စိုး
·
January 30, 2018
တင်ဒါအောင်ပြီးနောက် လုပ်ငန်းကို ကောင်းကောင်းမလုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ကြပ်ကြပ်မတ်မတ် အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးလိုက်ပါတယ်။ လမ်းဆောက်လုပ်ရေးလုပ်ပြီးနောက် အချိန်မတိုင်ခင်ပဲ ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းထားပေမယ့် နောက်နာမည်တခုနဲ့ ပြန်လုပ်လာတာ ရှိတယ်လို့ ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပွင့်ဖြူ မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးထွန်းထွန်းက ပွင့်ဖြူမြို့နယ်၊ မဲဇလီ - ဥယျာဉ်ကျစ် ကျောက်ချောလမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဖို့ကိစ္စ မေးမြန်း ဖြေကြားပြီးနောက် ပြောဆိုခဲ့တာပါ။ အဲဒီ ကျေးရွာချင်းဆက်လမ်းဟာ ၁၆ မိုင်ရှိပြီး ပွင့်ဖြူမြို့နယ်ထဲက ရွာတွေရဲ့ လေးပုံတပုံဖြစ်တဲ့ ရွာ ၅၀ ဝန်းကျင် အသုံးပြုနေပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၈၁၂ သန်းကျော်သုံးပြီး ဆောင်ရွက်ခဲ့တာ လို့ ဦးထွန်းထွန်းက ပြောပါတယ်။ အဲဒီလမ်းဟာ ဖောက်လုပ်ပြီး မကြာခင်မှာပဲ ပျက်စီးနေလို့ ပြန်ပြင်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုမ္ပဏီကို ဆက်သွယ်လို့ မရကြောင်း၊ အမည်ပျက်စာရင်းသွင်းထားပြီး တင်ဒါစည်းမျဉ်း၊ စည်းကမ်းနဲ့ အရေးယူမယ်လို့ ပြန်ဖြေခဲ့ပြီး အခုအချိန်ထိ အရေးယူတယ်ဆိုတာ မကြားရဘူးလို့လည်း ဦးထွန်းထွန်းက ပြောပါတယ်။ မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီးက ပြန်ဖြေရာမှာတော့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ရံပုံငွေနဲ့ ပြန်ပြင်ပေးမယ်လို့ ပြန်ဖြေပါတယ်။ ဒီကိစ္စအပေါ်မှာ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က “တင်ဒါအောင်တဲ့ ကုမ္ပဏီအနေနဲ့ ပြည်သူ့ဘဏ္ဍာအပေါ် ခုနကလို ပျက်စီးဆုံးရှုံးမှုတွေရှိတာကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့လည်း ကြပ်ကြပ်မတ်မတ် လုပ်ဖို့တော့ ကိုင်တွယ်စေချင်တယ်။ Blacklist သွင်းတယ် ဆိုတာက သွင်းရင်လည်း တချို့ ကုမ္ပဏီတွေက နောက်ထပ် နာမည်နဲ့ ဒီလူတွေပဲ။ နာမည်သာ လွဲတာ၊ ပေါ်လာပြန်ရော။ အဲဒီတော့ ပြည်သူ့ဘဏ္ဍာသာ ဆုံးရှုံးတယ်။ လမ်းက ပြန်မကောင်းဘူး” လို့ ပြောပါတယ်။ ဒီလိုဖြစ်ရပ်တွေအပေါ်မှာ ဝန်ကြီးဌာနလည်း တာဝန်မကင်းဘူးလို့ ဦးဝင်းမြင့်က ပြောပါတယ်။ “သူတို့ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်လို့ ရှိရင် ပြည်သူ့ဘဏ္ဍာနဲ့ပဲ နောက်ထပ် ငွေတင်တောင်း၊ တခါထပ်ပြင်၊ အဲ့ဒီ ကုမ္ပဏီက ရသွား၊ တခါထပ်ပျက် အဲဒီလို အရေးမယူခဲ့ဘူး ဆိုရင် တခါထပ်တင်တောင်း၊ အဲဒါက ပြည်သူ့ဘဏ္ဍာငွေဟာ သဲထဲရေသွန် ဖြစ်တယ်။ ဒါကြောင့်မို့လို့ တင်ဒါအောင်ပြီးတဲ့ ကုမ္ပဏီ၊ တာဝန်ယူပြီးတဲ့ ကုမ္ပဏီ တာဝန်ရှိတယ်။ ဒီလောက် လမ်းပျက်နေတာ။ အဲဒီ တာဝန်ရှိတဲ့အပေါ်မှာ ပေးတဲ့ ဝန်ကြီးဌာနလည်း တာဝန်မကင်းဘူး။ တာဝန်ရှိတယ်။ ဒါကိုတော့ ကျနော်တို့က ဒီလိုကုမ္ပဏီမျိုးကို ဥပဒေနဲ့အညီ ကြပ်ကြပ်မတ်မတ်တော့ အရေးယူစေချင်တယ်” လို့ ပြောပါတယ်။ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းကတော့ အမည်ပျက်စာရင်းသွင်းတာကို အရင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လုပ်ခဲ့တာဖြစ်လို့ အခုဆက်ပြီး အရေးယူဖို့ ကိုလည်း သူတို့ကိုပဲ စာပို့ထားတယ်လို့ ပြန်ဖြေပါတယ်။ ဦးဝင်းမြင့်ကတော့ ဒီလောက်ဆိုးဆိုးရွားရွား လုပ်ခဲ့တာကို ဥပဒေနဲ့ အညီဆောင်ရွက် စေချင်ပြီး အခု လွှတ်တော်က ပြန်တာနဲ့ ဝန်ကြီးဌာနနှစ်ခု ပေါင်းစပ်ဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024