Home
မြန်မာသတင်း
ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီတည်ထောင်ခွင့်ရပြီ
ပီတာအောင်
·
May 9, 2012
၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ နေရာအများဆုံး အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဟာ ပါတီ ထူထောင်ခွင့် လျှောက်ထားတာ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ [caption id="attachment_17541" align="alignleft" width="300" caption="၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အက်စ်အန်အယ်လ်ဒီ (ဓာတ်ပုံ - S.H.A.N)"][/caption] အက်စ်အန်အယ်လ်ဒီ ပါတီကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က မေ ၈ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့်ြ ပုကြောင်း ကြေညာလိုက်တာပါ။ ပါတီကို ဦးခွန်ထွန်းဦးနဲ့  ဦးစိုင်းညွန့်လွင် အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးနဲ့ ပါတီ တည်ထောင်ခွင့် တင်လိုက်တာဖြစ်ပြီး မှတ်ပုံတင် ထပ်မံလျှောက်ထားရဦး မှာ ဖြစ်ပါတယ်။ အက်စ်အန်အယ်လ်ဒီပါတီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလ အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ မဟာမိတ် ပါတီအဖြစ် ရပ်တည်ခဲ့ပြီး  ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ပါတီတည်ထောင်ရခြင်းနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင်တဦးဖြစ်သူ  ဦးစိုင်းညွန့်လွင်က “အဓိကတော့ ကျနော်တို့ ရွေးကောက်ပွဲ မ၀င်လိုက်ရဘူး။ ကျနော်တို့ ဥက္ကဋ္ဌရော အတွင်းရေးမှူးရော ထောင်ထဲမှာ ရောက်နေတဲ့ အချိန်မှာ သူတို့က ရွေးကောက်ပွဲ လုပ်တယ်။ အဓိကကတော့ ပြန်မလွတ်လာသေးတော့ ရခိုင်၊ မွန်၊ ချင်းတို့ကလည်း ပါတီမှတ်ပုံမတင်သေးဘဲ စောင့်နေတယ်။ ပြန်ထွက်လာတဲ့အခါကျတော့ သူတို့လည်း ပြန်တင်ပြီ၊ ကျနော်တို့လည်း ပြန်တင်ပြီပေါ့ဗျာ။ အဓိကကတော့ နိုင်ငံရေးအလုပ် လုပ်တဲ့နေရာမှာ တရားဝင်ဖို့ အရေးကြီးတယ်လေ။ အဲဒါကြောင့် မှတ်ပုံတင်လိုက်တာပါ။” ပါတီမှတ်ပုံတင်ကျပြီးပါက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပါတီဝင် အင်အားပြန်စုစည်းမှုတွေ၊ စည်းရုံးမှုတွေပြန် လုပ်သွားရမယ့်အကြောင်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရှမ်းလူထုတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်လာအောင် ဦးစာပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒါ့ပြင် ၂၀၀၈  ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကိုပြင်ဖို့ လွှတ်တော်တွင်းရော လွှတ်တော်ပြင်ပကပါ ကြိုးစားသွားမယ်လို့ ပြောပါတယ်။ “၂၀၀၈ အခြေခံဥပဒေမှာ အခြေခံမူကစပြီး လက်မခံနိုင်တာတွေ ရှိ တယ်လေ။ နောက်ပြီးတော့ ပြည်နယ်နဲ့တိုင်း ဖွဲ့စည်းတဲ့ပုံစံ၊ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ အဲဒါတွေ ပြင်ဖို့ ကြိုးစားတဲ့နေရာမှာ လွှတ်တော်တွင်းမှာ ပြင်လို့ရရင် ပြင်မယ်။ အဲဒီမှာ အခွင့်အရေး မရရင် လွှတ်တော်ပြင်ပကနေ ကြိုးစားမယ်။” အက်စ်အန်အယ်လ်ဒီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၂၃ နေရာ အနိုင်ရရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယ နေရာအများဆုံး ရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရာကနေ ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလမှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024