မြေးဖြစ်သူရေနစ်နေသဖြင့် အဖွားဖြစ်သူမှ ဆင်း၍ဆယ်ယူစဉ် ၂ ဦးစလုံးရေနစ်သေဆုံး

1.3K
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ မြေးဖြစ်သူ ရေနစ်တာကို အသက် ၈၀ အရွယ်အဖွားက ဆင်းဆယ်ခဲ့ပြီး နှစ်ယောက်လုံး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီကျော်က ပြင်ကသာ ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေဟာ လမန်းကျေးရွာအုပ်စု၊ ခနောင်ရိုက်ချောင်းထဲမှာ လူနှစ်ယောက် ရေနစ်သေဆုံးလို့ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ခနောင်ရိုက်ရွာနေ အသက် ၃၉ နှစ်အရွယ် ခင်မောင်ချို(ခ)နတ်သီးဟာ မအိသဇင်၊ မမြတ်နိုးဝေတို့နဲ့ အတူ ခနောင်ရိုက်ချောင်းထဲမှာ ငါးရှာနေတုန်း ခင်မောင်ချိုဟာ ရေနစ်သွားခဲ့ပါတယ်။
ဒါကြောင့် မအိသဇင်နဲ့ မမြတ်နိုးဝေတို့က အော်ဟစ်အကူအညီတောင်းခဲ့ပြီး အသက် ၈၀ အရွယ် အဖွားဖြစ်သူ ဒေါ်တင်အေးက ဆင်းဆယ်ရာမှာ နှစ်ယောက်လုံး ရေနစ်သေဆုံးကြောင်း စစ်ဆေးသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျုံတနီးနယ်မြေရဲစခန်းမှာ သေမှု သေခင်းဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။