ဆိုင်ကယ်အင်ဂျင်တပ် ပြိုင်ကား မြန်မာကျောင်းသားများ ပထမဆုံး တည်ဆောက်
DVB
·
January 29, 2018
ဆိုင်ကယ်အင်ဂျင်တပ်ပြီး မောင်းနှင်နိုင်တဲ့ ပြိုင်ကားကို မြန်မာနိုင်ငံက ချင်းတွင်း ကောလိပ်ကျောင်းသား ၅ ဦးက တည်ဆောက်ပြီး ဇန်နဝါရီ ၂၇၊၂၈ ရက်နေ့ က ရန်ကုန်မြို့ ဘားကမ့်ပွဲတော်မှာ ပထမဆုံးပြသခဲ့ပါတယ်။
ဒီကားကို ဖော်မြူလာဝမ်း ပြိုင်ကားပုံစံတူ ဖန်တီးတီထွင်ထားတာဖြစ်ပြီး သုံးဘီး ဆိုင်ကယ်က ဖရိန်၊ ၆၆၀ စီစီအင်ဂျင်ကားဘီးနဲ့ Lifan 175cc မော်တော်ဆိုင်အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်တယ်လို့ ချင်းတွင်းကောလိပ် စက်မှုနည်းပညာကျောင်းသား ကိုဉာဏ်လင်းထွဋ်က ပြောပါတယ်။
ပြိုင်ကားကို ကိုဉာဏ်လင်းထက်၊ ကိုအောင်ကျော်ခန့်၊ ကိုမင်းခန့်ကျော်၊ ကိုသုတဝဏ္ဏ၊ ကိုရောမင်းအုပ်စတဲ့ ကျောင်းသား ၅ ဦးက ချင်းတွင်းကောလိပ် ပရောဂျက်အတွက် တီထွင်ဖန်တီးထားတာဖြစ်ပြီး ဒီကျောင်းသား ၅ ယောက်ရဲ့ စုပေါင်းငွေနဲ့ ၂ လကြာ တည်ဆောက်ခဲ့တာပါ။
စုစုပေါင်း ကားအတွက် ကုန်ကျစရိတ် ကျပ် ၁၅ သိန်းဝန်းကျင်ရှိခဲ့ပြီး ပြိုင်ကားရဲ့ ဆိုင်ကယ် အင်ဂျင်နေရာမှာ ဆူဇူကီး ၆၆၀ စီစီ အင်ဂျင်ကိုလည်း တပ်လို့ရအောင် စီစဉ်ထားသလို လက်ရှိ တပ်ဆင်ထားတဲ့ ဆိုင်ကယ်အင်ဂျင်ဟာ ၁ နာရီကို ကီလိုမီတာ ၆၀ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။