A d v e r t i s e m e n t With Us

တရားမျှတတဲ့ဥပဒေဖြစ်မှ တရားဥပဒေစိုးမိုးရေးရှိနိုင် အပိုင်း (၃)

အလုပ်သမားအဖွဲ့အစည်းဥပဒေကို လေ့လာခြင်း မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လွှတ်တော်သက်တမ်း ၁ နှစ်ကျော်အတွင်း အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်တွေ အထဲက ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက် နေ့က ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေဟာ လူအတော်များများရဲ့ ကြိုဆိုထောက်ခံမှု ရရှိခဲ့ပါတယ်။ ဒီဥပဒေကို ရေးဆွဲစဉ်က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) နဲ့ ဆွေးနွေးညှိနှိုင်း အကြံဥာဏ်ရယူမှုတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ရေးဆွဲခဲ့တယ်လို့လည်း သိရပါတယ်။ နိုင်ငံသားတဦးရဲ့ ရှုထောင့်ကနေ အလုပ်သမားအဖွဲ့အစည်းဥပဒေကို လေ့လာကြည့်တဲ့အခါ ပထမဆုံး အလုပ်သမားဆိုတာ ဘယ်လိုလူမျိုးတွေ ပါဝင်သလဲဆိုတဲ့ ဥပဒေ အနက်ဖွင့်ဆိုချက်ကို လေ့လာမိပါတယ်။ ဥပဒေရဲ့ ပုဒ်မ ၂/က အရ အလုပ်သမားဆိုတာ “နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့ အပါအဝင် စီးပွားရေးလုပ်ငန်းတခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအတွက် ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုးအားထားပြု လုပ်ကိုင်နေသူကို ဆိုသည်” လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ “အစိုးရ၀န်ထမ်း” အမျိုးအစားထဲမှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကွပ်ကဲမှု လက်အောက်ရှိ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဝင်ဘူးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အလုပ်သမား အမျိုးအစားထဲမှာ “စိုက်ပျိုးရေးအလုပ်သမား” ပါဝင်တဲ့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ တောင်သူလယ်သမားတွေလည်း ဒီဥပဒေအရ တောင်သူလယ်သမားအဖွဲ့တွေ ဖွဲ့စည်းခွင့်ရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံအလုပ်သမားတွေကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ မရှိခဲ့တာ ရာစုနှစ်ထက်ဝက်ခန့် ရှိခဲ့ပြီဖြစ်လို့ အခုအချိန်မှာ အလုပ်သမား အဖွဲ့အစည်းတွေ ပေါ်ပေါက်လာမှာ ကြိုဆိုရမယ့်အချက်ပါ။ အခန်းပေါင်း ၁၄ ခန်းနဲ့ ပုဒ်မပေါင်း ၅၈ ခုပါဝင်တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်လာမယ့် အလုပ်သမား အဖွဲ့အစည်းတွေဟာ အလုပ်သမားထု ဘ၀တိုးတတ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့်၊ အလုပ်သမားအခွင့်အရေးကာကွယ်ခွင့်၊ ဆန္ဒပြ သပိတ်မှောက်ခွင့်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးတွေမရရှိခင် အလုပ်သမားအဖွဲ့အစည်းတရပ် ဖွဲ့စည်းနိုင်ဖို့ ဒီဥပဒေအရ သတ်မှတ်ချက်တွေကို ပြည့်မီအောင်ဆောင်ရွက်နိုင်ဖို့ မြန်မာအလုပ်သမားထုအကြားမှာ ကျွမ်းကျင်မှု ဆိုင်ရာ စိန်ခေါ်ချက်အများအပြား ကြုံတွေ့နိုင်ပါတယ်။ အလုပ်သမားဥပဒေမှာ ပါဝင်တဲ့ စည်းမျဉ်းတွေ အတိုင်း စနစ်တကျ ခိုင်မာတဲ့ အလုပ်သမားအဖွဲ့အစည်းမျိုး ပေါ်ထွက်လာဖို့ အချိန်ယူရပါလိမ့်မယ်။ အလုပ်သမား အဖွဲ့အစည်းတခု ဖွဲ့စည်းချင်ရင် ပထမဆုံးလိုအပ်ချက်က ဥပဒေ ပုဒ်မ ၄/က အရ အနည်းဆုံး အလုပ်သမားဦးရေ ၃၀ ရှိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတခုမှာ အလုပ်သမားဦးရေ ၃၀ ထက်နည်းပြီး ရှိနေရင် လုပ်ငန်းသဘာဝချင်းတူတဲ့ အခြားလုပ်ငန်းတခုက အလုပ်သမားတွေ နဲ့ ပေါင်းစည်းပြီးဖွဲ့နိုင်တယ်လို့ ဆိုထားတဲ့အတွက် အလုပ်သမား အဖွဲ့အစည်းတခုဖွဲ့နိုင်ဖို့ လိုအပ်တဲ့အလုပ်သမားဦးရေ ရရှိဖို့ အခက်အခဲ မရှိနိုင်ပါဘူး။ အဲ့လိုဖွဲ့စည်းနိုင်ဖို့ သက်ဆိုင်ရာ လုပ်ငန်းခွင်ထဲက အလုပ်သမား အနည်းဆုံး ၁၀ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုလည်း လိုအပ်ပါတယ်။ ဥပမာ အလုပ်သမား ၁၀၀၀ ရှိတဲ့ လုပ်ငန်းခွင်တခုမှာ အလုပ်သမားအဖွဲ့ ဖွဲ့စည်းဖို့ အလုပ်သမား ၁၀၀ ရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ဒုတိယလိုအပ်ချက်က ဥပဒေ ပုဒ်မ ၁၀/က အရ အဖွဲ့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း ရှိရပါမယ်။ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ ပါဝင်ရမယ့် အချက် ၇ ချက်ကိုလည်း သတ်မှတ်ထားပါတယ်။ ဒါတွေကတော့ အဖွဲ့အမည်၊ ရည်ရွယ်ချက်၊ အဖွဲ့ဝင်အဖြစ် လက်ခံခြင်းနဲ့ နုတ်ထွက်ခြင်းဆိုင်ရာ စည်းကမ်းတွေ၊ အဖွဲ့ရဲ့ အလုပ်အမှုဆောင် အဖွဲ့ကို ရွေးချယ်ခြင်း တာဝန်မှဖယ်ရှားခြင်းနဲ့ နုတ်ထွက်ခြင်းဆိုင်ရာ စည်းကမ်းတွေ၊ အစည်းအဝေးကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ သုံးစွဲခြင်းဆိုင်ရာစည်းကမ်းတွေ၊ ငွေစာရင်းကို လစဉ်နဲ့ နှစ်ချုပ်စာရင်း စနစ်တကျပြုစုခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ စည်းကမ်းတွေ ဖြစ်ပါတယ်။ တတိယလိုအပ်ချက်က အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့ကို အနည်းဆုံး လူ ၅ ဦးနဲ့အထက် ဖွဲ့စည်းရမှာဖြစ်ပြီး အဖွဲ့ဝင်ဦးရေဟာ (မ) ဂဏန်းဖြစ်ရပါမယ်။ ဒီတော့ အထက်ပါအချက် ၃ ချက် ဖြစ်တဲ့ အဖွဲ့ဝင်ဦးရေ ၃၀၊ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ လူ ၅ ဦး အနည်းဆုံးပါဝင်တဲ့ အလုပ်အမှုဆောင် အဖွဲ့ရှိပြီဆိုရင် အလုပ်သမား အဖွဲ့အစည်းတခု ထူထောင်ဖို့ သတ်မှတ်ထားတဲ့ မြို့နယ်မှတ်ပုံတင် အရာရှိဆီ သွားရောက်မှတ်ပုံတင်ရမှာ ဖြစ်တယ်။ တကြိမ်တခါမှ အဖွဲ့အစည်းတခု ထူထောင်ဖူးတဲ့အတွေ့အကြုံမရှိတဲ့ အလုပ်သမားတွေအတွက် ဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲရေးအပါအ၀င် အဖွဲ့ကို မှတ်ပုံမတင်ခင် ကြိုတင်ဆောင်ရွက်ရမယ့် အရာတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဥပဒေဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်လာတဲ့အတွက် ဥပဒေပညာရှင်ရဲ့ အကူအညီလည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ လုပ်ငန်းရှင်က ၎င်းရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ ဒီလို အဖွဲ့အစည်းဖွဲ့ဖို့ ပြင်ဆင်တာကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုနိုင်ဖို့ပါပဲ။ များသောအားဖြင့် လုပ်ငန်းရှင်တွေဟာ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားအဖွဲ့ ဖွဲ့စည်းဖို့မပြောနဲ့ အလုပ်သမားတွေအချင်းချင်း အစုအဖွဲ့ ဖြစ်နေတာမျိုးကိုတောင် မနှစ်မြို့တတ်ပါဘူး။ ဒီလိုအဖွဲ့မျိုးရှိလာရင် အလုပ်သမားထုအကြား စည်းလုံးမှုရသွားပြီး တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။ အလုပ်သမား အဖွဲ့အစည်းဥပဒေသစ်ဟာ အလုပ်သမားအဖွဲ့တခုရဲ့ ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းများကို သတ်မှတ်ထားရုံမျှမက ဒီအဖွဲ့ကို ဦးဆောင်မယ့် အလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သတ်မှတ်ထားပါသေးတယ်။ ဥပဒေ အခန်း (၄) “အလုပ်အမှုဆောင်အဖွဲ့၏လုပ်ငန်းတာဝန်များ” အခန်းမှာ အလုပ်အမှုဆောင်အဖွဲ့ဟာ အဖွဲ့က လစဉ်ကောက်ခံရရှိတဲ့ ရန်ပုံငွေကို ထိန်းသိမ်းရမှာ ဖြစ်သလို ငွေစာရင်းအားလုံးကိုလည်း လချုပ်နဲ့ နှစ်ချုပ်စာရင်းများအဖြစ် ပြုစုပြီး မြို့နယ်မှတ်ပုံတင်အရာရှိထံ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တိုင်း တင်ပြရမှာ ဖြစ်ပါတယ်။ အလုပ်သမားအဖွဲ့အစည်းတရပ် ထူထောင်ရာမှာ လိုအပ်တဲ့ရန်ပုံငွေကို အဖွဲ့ဝင် အလုပ်သမားတဦးချင်းစီ ရရှိတဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းထက် မကျော်တဲ့ လစဉ်ကြေးကို ကောက်ခံခွင့်ရှိသလို အဖွဲ့အနေနဲ့ ယဉ်ကျေးမှုနဲ့ အားကစားပွဲတွေ ကျင်းပပြီးလည်း ရန်ပုံငွေရှာနိုင်ပါတယ်။ ဒါ့အပြင် အလုပ်ရှင်က ရန်ပုံငွေထည့်ဝင်မှုကိုလည်း လက်ခံနိုင်သလို အစိုးရရဲ့ ထောက်ပံ့ကူညီမှုကိုလည်း လက်ခံနိုင်တယ်လို့ ဖော်ပြထားတယ်။ ဒီလိုရရှိတဲ့ ရန်ပုံငွေနဲ့ အလုပ်သမားအခွင့်အရေးနဲ့ အကျိုးစီးပွား ကာကွယ်တဲ့လုပ်ငန်းတွေ၊ ဗဟုသုတတိုးတတ်စေမယ့် လုပ်ငန်းခွင်သင်တန်းတွေနဲ့ ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်ဆောင်ရွက်တာ၊ သမ၀ါယမ အိမ်ရာနဲ့ သက်သာချောင်ချိရေး စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အလုပ်ရှင်တွေကိုလည်း အလုပ်ရှင်အဖွဲ့အစည်းတွေ အပြိုင် ဖွဲ့ပိုင်ခွင့်ပေးထားတဲ့အတွက် အလုပ်ရှင် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အလုပ်သမားရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေ ပေါ်ပေါက်တဲ့အခါ အလုပ်သမားအဖွဲ့တွေအနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရော တရားစွဲဆိုခံရမယ့် အခြေအနေရော ၂ မျိုးလုံး ရှိလာနိုင်ပါတယ်။ အဲ့ဒါကြောင့် အနာဂတ် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးမှာ အငြင်းပွားမှု တစုံတရာ ဖြစ်ပေါ်ခဲ့ရင် ပြေလည်အောင် မညှိနှိုင်းနိုင်လို့ တရားရုံးမှာ တရားစွဲတဲ့အဆင့်ထိ ဖြစ်ခဲ့ရင် အပြန်အလှန် တရားစွဲဆိုမှုတွေ ရှိလာနိုင်ပါတယ်။ အခုဆွေးနွေးခဲ့သမျှ အချက်အလက်တွေဟာ စက်ရုံတွေထဲမှာဖြစ်စေ၊ လယ်ယာလုပ်ငန်းခွင်ထဲမှာဖြစ်စေ၊ အစိုးရရုံးဌာနတွေထဲမှာဖြစ်စေ အလုပ်သမား အဖွဲ့အစည်းတရပ် ထူထောင်တဲ့အခါ ဥပဒေအရလိုအပ်တဲ့ အချက်အချို့ကိုသာ ထုတ်နုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့လို အခြေခံအလုပ်သမားအဖွဲ့တွေ ပေါ်ပေါက်လာပြီးတဲ့အခါ လုပ်ငန်း သဘာဝချင်းတူတဲ့ အဖွဲ့အစည်းတွေ စုပေါင်းပြီး မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်နဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်အထိ အဆင့်ဆင့် ဖွဲ့စည်းမှုတွေကိုလည်း ဥပဒေသစ်မှာ ဖော်ပြထားပါသေးတယ်။ ဒီလို ဖွဲ့စည်းမှုအဆင့်ဆင့်ကို ကြီးကြပ်နိုင်ဖို့ နိုင်ငံတော်သမ္မတက မှတ်ပုံတင်အရာရှိချုပ်တဦး ခန့်အပ်မှာဖြစ်ပြီး ထိုအရာရှိချုပ်က မြို့နယ်အဆင့် မှတ်ပုံတင်အရာရှိတွေကို ခန့်အပ်ပြီး ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်မှတ်ပုံတင် အရာရှိတဦးအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတခုက ဖွဲ့စည်းခွင့် လျှောက်ထားလာတဲ့အခါ ဥပဒေနဲ့ ညီ မညီ စစ်ဆေးခြင်းနဲ့ မှတ်ပုံတင်အရာရှိချုပ်ရဲ့ ခွင့်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ပြီးမှ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမှာဖြစ်ပြီး ဒီကိစ္စကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းခွင့်ပြုထားပြီးဖြစ်တဲ့ အလုပ်သမား အဖွဲ့အစည်းတခုရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိတာကိုတွေ့ရှိခဲ့ရင် အဖွဲ့ကို ဖျက်သိမ်းရန် မှတ်ပုံတင်အရာရှိချုပ်က မြို့နယ်မှတ်ပုံတင်အရာရှိကို ညွှန်ကြားနိုင်ပါတယ်။ ဒီနေရာမှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေမှာ တွေ့ရခဲတဲ့ တရားဥပဒေဆိုင်ရာ မျှတမှုတခုကို ဒီဥပဒေမှာ တွေ့ရပါတယ်။ အဲ့ဒါက မှတ်ပုံတင်အရာရှိချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိရင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံဝင်နိုင်တဲ့ အခွင့်အရေးပေးထားပါတယ်။ ဒါ့အပြင် မှတ်ပုံတင် အရာရှိချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ၎င်းသက်မှတ်တဲ့ရက်ကနေ ရက်ပေါင်း ၉၀ ကြာမှ ဒါမှမဟုတ် တရားလွှတ်တော်ချုပ်ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်တဲ့ အချိန်အထိ အကျိုးသက်ရောက်မှု မရှိစေရဘူးဆိုတဲ့ အချက်ဟာ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုကို ကာကွယ်နိုင်ဖို့ တရားဥပဒေဆိုင်ရာ အခွင့်အရေး ပေးထားခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီဥပဒေအရ အလုပ်သမားတွေ ဆန္ဒပြသပိတ်မှောက်ခွင့် ရှိလာပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံ တည်ဆဲတရားဥပဒေတွေက ဒီအခွင့်အရေးကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သပိတ်မှောက်ခွင့်  အခွင့်အရေးကို လွယ်လွယ်နဲ့ပေးထားတာတော့ မဟုတ်ပါဘူး။ အခြေခံအလုပ်သမားအဖွဲ့တဖွဲ့ဟာ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ သဘောတူညီမှုမပါဘဲ သပိတ်မှောက်ခဲ့ရင် အဲ့ဒါကို ဥပဒေနဲ့ဆန့်ကျင်တဲ့ သပိတ်မှောက်မှုဖြစ်တဲ့အတွက် တည်ဆဲဥပဒေအရ တားဆီးနိုင်တယ်လို့ ကန့်သတ်ထားပါတယ်။ ဒါ့အပြင် သပိတ်မှောက်အလုပ်သမား အမျိုးအစားကို နှစ်မျိုးခွဲထားပါတယ်။ ပထမအမျိုးအစားက အများပြည်သူဆိုင်ရာ ၀န်ဆောင်မှု (ဥပမာ - ရေပေးဝေရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ မီးသတ်) စတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ပြီး၊ ဒုတိယအမျိုးအစားက အများပြည်သူကို ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့ အလုပ်သမားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အမျိုးအစားခွဲထားသလို သပိတ်မှောက်ချင်ရင် သက်ဆိုင်ရာအလုပ်ရှင်နဲ့ ဖျန်ဖြေရေးအဖွဲ့ကို ကြိုတင် အကြောင်းကြားရမယ့် အချက်တွေလည်း မတူပါဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းများက အလုပ်သမားများဟာ သပိတ်မမှောက်မီ ၁၄ ရက် ကြိုတင် အကြောင်းကြားဖို့လိုအပ်ပြီး ဒုတိယ အမျိုးအစားက ၃ ရက် ကြိုတင်အကြောင်းကြားရန် လိုအပ်ပါတယ်။ ဒါ့အပြင် သပိတ်မှောက်မယ့်နေ့ရက်၊ နေရာ၊ အချိန်၊ လူဦးရေ၊ နည်းလမ်းနဲ့ ကြာမြင့်မည့် အချိန်တို့ကိုလည်း အကြောင်းကြားရပါတယ်။ ဒီလိုပဲ အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေ သပိတ်မှောက်တဲ့အတွက် မိမိလုပ်ငန်းကို မိမိသဘောဆန္ဒနဲ့ ပိတ်ခွင့်မရှိဘဲ ကြားဝင်စေ့စပ်ဖျန်ဖြေပေးတဲ့ အာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ ဥပဒေရဲ့ ပုဒ်မ ၄၁ မှာ ဥပဒေနဲ့ဆန့်ကျင်တဲ့ သပိတ်မှောက်ခြင်း ဖြစ်တယ်လို့ ယူဆတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီအထဲမှာ ကြိုတင်အကြောင်းမကြားဘဲ သပိတ်မှောက်ခြင်း၊ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက်မပါဘဲ သပိတ်မှောက်ခြင်း၊ အများပြည်သူတွေရဲ့ အသက်၊ ကျန်းမာရေးနဲ့လုံခြုံရေးကို ထိခိုက်စေတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပြတ်တောက်ရပ်ဆိုင်းခြင်း၊ အလုပ်သမားရေးရာကိစ္စနဲ့ မသက်ဆိုင်တဲ့ သပိတ်မှောက်ခြင်းနဲ့ သပိတ်မှောက်ရန် အကြောင်းကြားချက်တွင် ပါဝင်တဲ့ နေ့ရက်၊ နေရာ၊ အချိန်၊ လူဦးရေ၊ နည်းလမ်းနဲ့ ကြာမြင့်မည့်အချိန်အတိုင်း မဆောင်ရွက်ခြင်း စတဲ့ အချက်တွေပဲ ဖြစ်တယ်။ အလုပ်သမား အဖွဲ့အစည်းဥပဒေရဲ့ ဒီအပိုင်းဟာ အရေးကြီးတဲ့အပိုင်းဖြစ်ပြီး သပိတ်မှောက်ခွင့် အခွင့်အရေး ပေးထားပေမယ့် ကြိုတင် စည်းကမ်း ကန့်သတ်ချက်တွေက နိုင်ငံတကာစံနှုန်းတွေနဲ့မညီဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နေတဲ့ အခုလိုအချိန်မျိုးမှာ အလုပ်သမား ဈေးပေါပေါရနိုင်တဲ့ နိုင်ငံလို့ သိထားတဲ့ အိမ်နီးချင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေက မြန်မာအလုပ်သမားတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ရယူမှုတွေ ရှိလာပါလိမ့်မယ်။ တကယ်တော့ အလုပ်သမားတွေရဲ့ ဘ၀တိုးတက်မြင့်မားဖို့ ၎င်းတို့ရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့ ဆိုရင် အလုပ်သမား အဖွဲ့အစည်း ဥပဒေတခုတည်းက မဖြည့်ဆည်းပေးနိုင်ပါဘူး။ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေ (Labor Protection Law)နဲ့ လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ (Occupational Healthcare Law) တို့လို အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ ဟန်ချက်ညီသက်ရောက်မှုရှိမှ အနာဂတ် ဖွံ့ဖြိုးလာမယ့်စီးပွားရေး အဆောက်အအုံနဲ့အတူ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ချိန်ခွင်မျှအောင် ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း ထင်မြင်မိပါတယ်။

A d v e r t i s e m e n t With Us

More News
Up