Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ၁၁ သန်း ၀ တပ်ဖွဲ့က ထုတ်လုပ်ခြင်းမဟုတ်ဟု သတင်းထုတ်
DVB
·
January 29, 2018
999 တံဆိပ် စိတ်ကြွဆေး ၁၁ သန်းပါ ၃၇ အိတ်ဟာ "ဝ" တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထုတ်လုပ်တာမဟုတ်ဘူးလို့ တပ်ဖွဲ့က သတင်းထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်နဲ့ မီဒီယာမှာ ပျံ့နှံ့နေတဲ့ 999 တံဆိပ် စိတ်ကြွဆေး တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၁၀၀ နဲ့ လာအိုနိုင်ငံသားတစ်ဦးကို ထိုင်း မြစ်ကြောင်း ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးရမိဆိုတဲ့သတင်းမှာ "ဝ" တပ်ဖွဲ့က ထုတ်လုပ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ၀ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ 999 တံဆိပ် ဖမ်းမိတိုင်း "ဝ" တပ်ဖွဲဆိုပြိး စွပ်စွဲလို့ မရဘဲ ဖမ်းမိတဲ့ “၀” တပ်ဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ ထိုင်းနဲ့ လာအို နယ်စပ် မဲခေါင်မြစ် နခုမ်ဖနုမ် ဆိပ်ကမ်းဟာ UWSP/UWSA တပ်ဖွဲ့များထိန်းချုပ်ရာ ကုန်းတွင်း ဒေသနဲ့ မိုင်ပေါင်း ၆၀၀ ကျော်ကွာဝေးတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ မဲခေါင်မြစ်ကြောင်း တလျှောက်မှာလည်း  UWSA တပ်ဖွဲ့များက ထိန်းချုပ်ခြင်း လုံးဝမရှိဘဲ အဲ့ဒီဒေသမှာ ယခင် ဘိန်းဘုရင်ခွန်ဆာရဲ့ နောက်လိုက် ဗိုလ်ကြီးနော်ခမ်း နဲ့ တခြားနိုင်ငံစုံက  မူးယစ်ကုန်သည်များ လှုပ်ရှားနေကြဆဲဖြစ်တယ်လို့လည်း တပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။ အေအက်ဖ်ပီသတင်းတပုဒ်မှာတော့ ထိုင်းရေတပ်ကင်းလှည့်တပ်ဖွဲ့ဟာ မဲခေါင် မြစ်ကြောင်းတလျှောက် လာအိုနိုင်ငံဘက်က ဖြတ်သန်းလာတဲ့ လှေတစင်းပေါ်မှာ ယာ ဘစိတ်ကြွမူးယစ်ဆေးပြား ၁၁ သန်းနဲ့အတူ အသက် ၂၀ ၀န်းကျင် လာအိုနိုင်ငံသားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားတာပါ။ ထိုင်းရေတပ်ဟာ ထွက်ပြေးဖို့ ကြိုးစားတဲ့ အဆိုပါအမျိုးသားကို လိုက်လံဖမ်းဆီးခဲ့ရပြီး ဖမ်းဆီးရမိခဲ့တဲ့ နခုမ်ဖနမ်ဒေသဟာ ထိုင်း-လာအို ၂ နိုင်ငံကြား သားရိုင်းတိရစ္ဆာန်၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုဆိုင်ရာ အခြေအနေတွေနဲ့အတူ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာတခုဖြစ်တယ်လို့ ဆိုပါတယ်။ မဲခေါင်ဒေသ တာဝန်ကျ ထိုင်းရေတပ်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဖီဆစ်သွန်းဒီလတ်ကတော့ “စုစုပေါင်း ကျနော်တို့ မူးယစ်ဆေးပြား ၁၁ သန်း တွေ့ခဲ့ရတယ်။ ဒါဟာ ကျနော်တို့ ဖမ်းမိသမျှ အများဆုံးပမာဏဖြစ်နေတယ်”လို့ ပြောပါတယ်။ ဆေးပြားတွေပေါ်မှာ 999 တံဆိပ်ရိုက်နှိပ်ထားတာဟာ ၀အုပ်စုရဲ့ အမှတ်တံဆိပ် ဖြစ်တယ်ဆိုတာ ဖော်ပြနေပြီး အဆိုပါအုပ်စုဟာ အရှေ့တောင်အာရှရဲ့ စိတ်ကြွမူးယစ်ဆေး အများဆုံးထုတ်လုပ်ရာဒေသဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။ လာအိုနိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်မှု အလျားအရှည်ဆုံးဖြစ်နေပြီး အကျင့်ပျက်ခြစားမှုတွေကြောင့် တဆင့်ခံ မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းတခု ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။ ဖီဆစ်က “မူးယစ်ဆေးဝါးမှောင်ခိုသမားတွေဟာ ကျနော်တို့ရဲ့ နှိမ်နင်းဖြိုခွင်းမှုတွေကြောင့် လမ်းကြောင်းပြောင်းခဲ့ကြတာ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ရွှေတြိဂံဒေသလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကမ္ဘာ့မူးယစ်ဆေးဝါး ဒုတိယအများဆုံး ထုတ်လုပ်တဲ့ ဒေသတွင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024