Home
ဆောင်းပါး
တောင့်ခံနေတဲ့ ထိုင်းနိုင်ငံ လူမှောင်ခိုကုန်ကူးမှု
DVB
·
January 29, 2018
၂၀၁၇ ခုနှစ်ကုန်ခါနီး ဒီဇင်ဘာလအတွင်းမှာ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က သူ့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အမျိုးသား အကျင့်ပျက်မှုတိုက်ဖျက်ရေး ကော်မရှင် (NCCA) ကို ပေးပို့တင်ပြလိုက်ပြီး ကန်ချနပူရီက ‘ချွမ်ဒေါင်း ကာရာအိုကေ’ လူကုန်ကူးမှုမှာ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ပုလိပ်အရာရှိသုံးယောက်ကို အရေးယူ အပြစ်ပေးဖို့ ညွှန်းဆိုဖော်ပြလိုက်ပါတယ်။ ဒီ ‘ချွမ်ဒေါင်း ကာရာအိုကေ’ အမှုကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ၂၀၁၆ ခုနှစ်ကစပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာဖြစ်ပြီး လူကုန်ကူးမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားကို ရရှိခဲ့သလို ပုလိပ်အရာရှိ သုံးယောက်လည်း ဒီလူကုန်ကူးမှု ဆောင်ရွက်ရာမှ ပါဝင်ကျူးလွန်ခဲ့တာကို တွေ့ရှိခဲ့ရတဲ့အကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ပိုင်ဆစ် ဝမ်မူအမ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီစုံစမ်းဖော်ထုတ်မှုကြောင့် ကာရာအိုကေနဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ သူ့ရဲ့ ရှယ်ယာဝင်တွေကို လူကုန်ကူးမှုနဲ့ စွဲချက်တင် အပြစ်ရှိကြောင်း ချမှတ်စီရင်ခဲ့ပါတယ်။ အဲဒီမှာ သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေအရ ဘဏ်အကောင့်တွေဟာ ပုလိပ်တပ်ဖွဲ့ ဗိုလ်မှူးကြီးနှစ်ဦးနဲ့ ဗိုလ်ကြီးတဦးတို့နဲ့ အချိတ်အဆက် ရှိခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့ အချိန်အတွင်းမှာ ဒီလျှို့ဝှက်ပူးပေါင်းကျူးလွန်သူ အရာရှိတွေဟာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကို အဆက်အသွယ်လုပ်ပြီး လူကုန်ကူးမှုကနေ လိင်လုပ်ငန်း အရောင်းအဝယ်လုပ်မှုအထိ တင်ထားတဲ့ စွဲချက်တွေနဲ့ ပြစ်ဒဏ်စီရင်ချမှတ်ခံရရင် ပြစ်ဒဏ်တွေကနေ လျော့ပါးသက်သာအောင် ကြိုးစားခဲ့ကြတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ နောက် ပြည့်တန်ဆာအဖြစ် လှည့်ဖြားသိမ်းသွင်းခံခဲ့ကြရသူ အမျိုးသမီးတွေက ပထမဆုံး တရားရုံးမှာ ကြားနာစစ်ဆေးခံခဲ့ရတဲ့အချိန်မှာ သူတို့ဟာ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့အကြောင်း ထွက်ဆိုခဲ့ပြီးနောက် သူတို့ကို သီးခြားစီ ခွဲထုတ် မေးမြန်းစစ်ဆေးတဲ့ အခါမှာတော့ သူတို့ဟာ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်တွေသာ ရှိသေးကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် ဒီအမှုမှာ လျှို့ဝှက်ပါဝင်ကျူးလွန်ခဲ့တဲ့ ပုလိပ်အရာရှိတွေဟာ သက်သေခံအထောက်အထား အချက်အလက်တွေကိုပါ လွဲမှားအောင် ပြုလုပ်ထားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတဲ့အတွက် သူတို့ဟာ လူကုန်ကူးမှုကို တိုက်ရိုက်ပါဝင် ကျူးလွန်ခဲ့တာ မဟုတ်ပေမယ့် လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုနဲ့ သက်သေခံ အထောက်အထား အချက်အလက်တွေကို လွဲမှားအတုပြုလုပ်ခဲ့မှု အသီးသီးနဲ့ တရားစွဲဆိုခံခဲ့ကြရတာ ဖြစ်တယ်လို့ ပုလိပ်တပ်ဖွဲ့ ဗိုလ်မှူးကြီး ပိုင်ဆစ်က ပြောကြားခဲ့ပါတယ်။ သူက “ကျနော်တို့ရဲ့ အခြေခံစုံစမ်းစစ်ဆေးမှုတွေအရ ဒီကြံရာပါ ကျူးလွန်တဲ့ ပုလိပ်အရာရှိတွေဟာ သူတို့လုပ်ဆောင်ရမယ့် တာဝန်ရှိမှုတွေကို ပျက်ကွက်မှု၊ တာဝန်ပျက်ကွက်မှုတွေအတွက် ပုဒ်မ ၁၅၇ ကို ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်။ နောက် သူတို့ဟာ ကျူးလွန်ခဲ့တာတွေကို ဖြေလျှော့ပေးဖို့ စစ်ဆေးနေဆဲ အချိန်အတွင်းမှာ လာဘ်ထိုးမှုတွေကို လက်ခံခဲ့တဲ့အတွက် ပုဒ်မ ၇ ကို ချိုးဖောက်ခဲ့တာဖြစ်ပြီး သက်သေထွက်ဆိုပေးမယ့်သူတွေ တရားရုံးမှာ မထွက်ဆိုရဲအောင် ခြိမ်းခြောက်တာတွေကိုပါ လုပ်ခဲ့တဲ့အတွက် ပုဒ်မ ၅၄ ကိုပါ ချိုးဖောက်ခဲ့ကြတာဖြစ်တယ်” လို့ ဆက်ပြောခဲ့ပါတယ်။ နောက် လူကုန်ကူးမှု ကိစ္စအတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ် သောကြာနေ့က ဟွိုင်ခွမ်းခရိုင်မှာရှိတဲ့ ဗစ်တိုးရီးယား လျှို့ဝှက်ချက်  အနှိပ်ခန်းကို အထူးစုံစမ်းစစ်ဆေးရေးဌာန၊ စစ်တပ်နဲ့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဒီအနှိပ်ခန်းဟာ လူကုန်ကူးမှုနဲ့ ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်နွှယ်နေခဲ့တယ်ဆိုတဲ့ သံသယဖြစ်စရာတွေကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီလုပ်ငန်းတွေ လုပ်ဆောင်နေတာမှာလည်း ဒေသအစိုးရ တာဝန်ရှိအရာရှိတွေနဲ့ အဆက်အစပ်ရှိခဲ့တယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအနှိပ်ခန်းကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အနည်းဆုံး အမျိုးသမီး ၁၀၀ ကျော်ကို တွေ့ရှိ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါကတော့ ငြင်းဖျက်လို့မရနိုင်တဲ့ သက်ရှိ သက်သေအထောက်အထားတွေ ဖြစ်တယ်လို့ ပြောရမှာပါပဲ။ ဘန်ကောက်ပို့စ်သတင်းစာက ကင်အိုဝါလောင်ဟောင်က အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဆွန်ဆက် ရတ်ဆတ်ဆာခူးကို မေးမြန်းခဲ့ရာမှာ လူကြီးမင်းအနေနဲ့ ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ လူကုန်ကူးမှုနဲ့ ပြည့်တန်ဆာလုပ်ငန်း ပြဿနာတွေကို အကဲခတ် နားလည်မိပါသလားဆိုတဲ့ မေးခွန်း မေးခဲ့တာကို ဆွန်ဆက်က “ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေး ဗဟိုချက်မ ဖြစ်နေတဲ့အတွက် မဲခေါင်ချိုင့်ဝှမ်းဒေသ နိုင်ငံက လူတွေအတွက် အလုပ်လာလုပ်ကြတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အလုပ်သမားအေဂျင်စီတွေက ထိထိရောက်ရောက် လုပ်ငန်းဆောင်ရွက်နိုင်တာ ရှိတဲ့အတွက် ပုံမှန်အလုပ်သမားတွေနဲ့ ပတ်သက်ရင် ပြဿနာက သေးငယ်ပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေကတော့ ကာကွယ်တားဆီးမှုနဲ့ နှိမ်နှင်းမှု လုပ်ရမယ့် လူကုန်ကူးမှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုတွေရှိတဲ့ နေရာတွေပါပဲ။ ပြီးခဲ့တဲ့ကာလက ကမ္ဘောဒီးယားနိုင်ငံက ကလေးသူတောင်းစားတွေကို ဒီကို ခေါ်သွင်းလာခဲ့တာကို ကျနော်တို့က ပွဲစားလုပ်တဲ့သူတွေကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကလေးတွေကို ခေါ်သွင်းလာခဲ့တဲ့ သူတွေကိုပေါ့ဗျာ။ ဒီကနေ့တော့ ဒီလို ကျူးလွန်မှုမျိုးတွေက အတော်ကြီး ကျဆင်းသွားပါပြီ။ အဓမ္မလုပ်အားခိုင်းစေမှုတွေ ထင်ထင်ရှားရှား ကျဆင်းသွားတဲ့အချိန်မှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းဝယ်မှုမျိုးတွေကတော့ ထိုင်းနိုင်ငံမှာ ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့ပါဘူး။ ကလေးတွေကို ပြည့်တန်ဆာအဖြစ် အဓမ္မသွတ်သွင်းတဲ့ လူကုန်ကူးမှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းမှု အရေအတွက် ပိုများလာခဲ့ပြီး အမှုအခင်းလည်း မြင့်တက်လာခဲ့ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဘန်ကောက်ပို့စ်သတင်းဌာနက ကလေးပြည့်တန်ဆာ အရေအတွက် မြင့်မားလာရတဲ့ အဓိက အကြောင်းအချက်တွေက ဘာတွေများ ဖြစ်ပါသလဲဆိုတဲ့ မေးခွန်းကိုတော့ သူက… “ပြည့်တန်ဆာလုပ်ငန်း ဆိုတာက ရတာက ဈေးနှုန်းမြင့်တယ်။ အားစိုက်ခွန်စိုက် လုပ်ရတာမျိုးက နည်းတော့ တခြားလုပ်ငန်းအမျိုးအစားနဲ့က ကွဲပြားတယ်လေ။ ဒါကြောင့် လူတွေက ထိုင်းနိုင်ငံထဲ လျှို့ဝှက်ဝင်ရောက်ပြီး ကလေးပြည့်တန်ဆာလုပ်ငန်း အပါအဝင် တခြား လူမှောင်ခိုလုပ်ငန်းတွေကိုပါ လုပ်လာကြတာပါပဲလို့ ဖြေကြားခဲ့ပါတယ်။ သူ့အဖြေကို မှားတယ်လို့လည်း ပြောလို့မရပါဘူး။ အတိုင်းအတာ အတော်များများ မှန်နေတာ တွေ့ရပါတယ်။ အဓိကပြဿနာကတော့ အဲဒီလို လူမှောင်ခိုလုပ်နေတဲ့သူတွေနဲ့ အကြောင်းမသင့်လို့ လူမှောင်ခိုခံရ၊ ပြည့်တန်ဆာ ဖြစ်ရင်ဖြစ်ရ၊ မိသားစုဘဝအတွက် စွန့်လုပ်မှ ဖြစ်မယ်ဆိုတဲ့အထိ စဉ်းစားပြီး ကိုယ့်ဘဝကို ကိုယ်စတေးမှ ရမယ်လို့ ဆုံးဖြတ်တဲ့ မိန်းမငယ်လေးတွေ များလာအောင် အခြေအနေတွေ ဖန်တီးပေးနေတဲ့ ကျနော်တို့နိုင်ငံလို အာဏာနဲ့ ကိုယ်ကျိုးစီးပွားကလွဲပြီး ကိုယ့်နိုင်ငံ ပြည်သူတွေ အကျိုးမကြည့်ဘဲ မျက်နှာလွှဲခဲပစ် လုပ်လာခဲ့တဲ့ နိုင်ငံအစိုးရတွေကြောင့် ဖြစ်ရတဲ့ ပြဿနာတွေပဲ ဖြစ်တယ် ဆိုတာကတော့ ကြောင်းကျိုးတကျ စဉ်းစားတတ်သူတွေ နားလည်ထားကြပြီး ဖြစ်မှာပါ။ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသတွေနဲ့ ဘန်ကောက်မြို့တော်မှာ ရှောင်တခင် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ကလေးသူငယ်တွေကို မက်လုံးပေး ဖြားယောင်းသွေးဆောင်ပြီး ပြည့်တန်ဆာလုပ်ငန်းတွင်း သွတ်သွင်းခဲ့တဲ့အမှုတွေ အများကြီး တွေ့ရှိခဲ့ရပြီး ဖြစ်တယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘန်ကောက်ပို့စ် သတင်းဌာနက ပြည့်တန်ဆာလုပ်ငန်းတွေကနေ အခွန်ဘဏ္ဍာ ဘယ်လောက်များများ လည်ပတ်ဆောင်ရွက်နေတယ် ဆိုတာကို သိပါသလားဆိုတဲ့ အမေးကိုတော့ လက်ထောက်ဒါရိုက်တာ ဆွန်ဆက်က “တနှစ် တနှစ်ကို အထူးသဖြင့် အမျိုးမျိုးအစားစားရှိတဲ့ အနှိပ်ခန်းတွေက ဝန်ဆောင်မှုအတွက် တောင်းခံငွေ ဘတ် ၂၀၀၀ ကနေ ဘတ် ၁၀၀၀၀ အထိ ရှိနေတဲ့အတွက် အနှိပ်ခန်းတခုဟာ တနေ့ကို ဘတ် ၁ သန်းလောက်အထိ ရကြတယ်” လို့ ဖြေကြားခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ အနှိပ်ခန်းတွေကတော့ တနှစ်မှာ ဘီလီယံ ဆယ်ဂဏန်းနဲ့ချီပြီး ဝင်ငွေရရှိခဲ့တာကို တွေ့ရတယ်လို့ ဖြေကြားခဲ့ပါတယ်။ အကြားအမြင် နည်းပါးသူတွေဆို ယုံကြည်နိုင်လောက်စရာ မရှိတဲ့ ကိန်းဂဏန်း ဖြစ်ပေမယ့် ဒီလို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးလို အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်တယောက်က ဖြေကြားသွားတာကိုတော့ လက်ခံရမှာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လူမှောင်ခိုကုန်ကူးမှုလုပ်ငန်းဟာ ဒီလောက်အထိ ကျယ်ပြန့် ကြီးမားနေတယ်။ တဆက်တည်း ပြည့်တန်ဆာလုပ်ငန်းဟာလည်း ဒီလောက်ထိ ကြီးမားကျယ်ပြန့် များပြားနေတယ် ဆိုတာကိုလည်း လက်ခံကြရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူမှောင်ခိုကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ၂၀၁၇ အစီရင်ခံစာအရတော့ ထိုင်းနိုင်ငံဟာ ဒုတိယအဆင့် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရက ဒီအဆင့်က လျော့ကျသွားရအောင် တတ်နိုင်သမျှ အားထုတ်ဆောင်ရွက်နေတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် ပုလိပ်တပ်ဖွဲ့ (သူတို့နိုင်ငံကတော့ စစ်အာဏာသိမ်း အစိုးရလက်ထက်မှာတောင် နေရာတကာ စစ်သားတွေ ပါဝင်ဆောင်ရွက်တာ မတွေ့ရတာ သတိထားမိပါတယ်။ အထူးသဖြင့် မဲဆောက်လို နယ်စပ်ဒေသမြို့မှာတောင် မြို့ထဲမှာ စစ်တပ်ကားတွေနဲ့ စစ်ဗိုလ် စစ်သားတွေ သေနတ်တကားကားနဲ့ သွားလာနေကြတာ မတွေ့ရသလောက်ပါပဲ) အာဏာသိမ်းအစိုးရချင်း တူတာတောင် ဒီမိုကရေစီ အတော်အတန် အခြေခံချထားပြီးတဲ့ နိုင်ငံဖြစ်လို့ သူတို့ အဲဒီလို မနေလို့လည်း မရပါဘူး။ ပြည်သူလူထုရဲ့ အခွင့်အရေးနဲ့ ပြည်သူလူထုရဲ့ နိစ္စဓူဝ နေထိုင်မှု ဘဝတွေကို အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ကြတာ တွေ့ရပါတယ်။ လူအချင်းချင်း မှောင်ခိုရောင်းဝယ် အမြတ်ထုတ်ခံရခြင်းက ကင်းဝေးကြပါစေ။       ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024