ဦးဝင်းထိန် ပါတီဗဟိုအလုပ်အမှုဆောင်အဖြစ် ဆက်ရှိနေဟု ဦးဉာဏ်ဝင်းပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 28, 2018
ဦးဝင်းထိန်အနေနဲ့ အန်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ရှိနေတယ်လို့ ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။
နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ ဒီနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်တွေရဲ့ လစဉ် ပုံမှန်အစည်းအဝေးအပြီးမှာ ပြောကြားခဲ့တာပါ။
ဗဟိုအလုပ်အမှုဆောင်တယောက်ဖြစ်တဲ့ ဦးဝင်းထိန်ကို ပါတီကနေ အနားပေးခံရ (ထုတ်ပယ်ခံရ) တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းတာကို ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။
“အခုချိန်အထိ ဦးဝင်းထိန်ရှိတယ်။ ကျနော်တို့ဆီကိုတော့ ခွင့်တော့မရောက်ဘူး။ သူ တခြားကို ခွင့်တိုင်တာ မတိုင်တာ ကျနော်မသိဘူး။ ဒီကနေ့ကတော့ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ သူမရှိဘူး။ သူ့အကြောင်းလည်း ကျနော်တို့ ဆွေးနွေးတာ မရှိဘူး။”
ဒီ အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ မတက်ရောက်ခဲ့ဘဲ ခွင့်တိုင်ကြားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးက အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် ပါတီဝင် ၁၀၀ ကျော်လောက်ကို တိုင်ကြားခံရမှု ရှိပေမယ့် ပြည်ထောင်စုဝန်ကြီးတွေ ကိုတော့ တိုင်ကြားမှုမရှိဘူးလို့ သိရပါတယ်။