DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ဦးပိုင်ကွင်း ၂ သောင်းကျော် လာမထုတ်သေး
DVB
·
January 28, 2018
မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ဦးပိုင်ကွင်း ၂ သောင်းကျော် လာမထုတ်သေး
Donate to DVB

 

မိတ္ထီလာခရိုင်တွင်းက တောင်သူတွေရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ-၇ ဦးပိုင်ကွင်း ၂ သောင်းကျော်လောက် တောင်သူတွေက ပုံ-၁ နဲ့ လျှောက်လွှာတင်ပြီး ပုံစံ-၇လာမထုတ်ကြသေးလို့ ထုတ်ယူကြဖို့ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီက တိုက်တွန်းနှိုးဆော်နေတယ်လို့ ဇန်န၀ါရီ ၂၇ ရက်မှာ ခရိုင်မြေစာရင်းဦးစီးဌာနက ပြောပါတယ်။

ခရိုင်မြေစာရင်းဦးစီး လက်ထောက်ညွှန်မှူး ဦးကျော်ကျော်က “ဝန်ထမ်းတွေ ကွင်းဆင်းပြီး အားချင်းလုပ်ပေးဖို့ ညွှန်ကြားထားတယ်။ ပုံစံ-၇ ထုတ်ယူဖို့ တောင်သူက ပုံစံ-၁ နဲ့ လျှောက်ထားရမယ်။ ကွင်းတကွင်းနဲ့တကွင်း တရွာနဲ့တရွာအစပ်တွေမှာရှိနေတဲ့ လယ်ယာမြေတွေမှာ ဟိုဘက်ပါ ဒီဘက်ပါ သူဟာငါ့ဟာ မကွဲမပြားဘဲ တောင်သူရဲ့စိတ်မှာ ဖြစ်နေတော့ လာမလျှောက်တာလည်း ရှိမယ်။ တချို့တောင်သူတွေကလည်း သူတို့ လက်ဝယ်ရရှိထားတဲ့ ပုံစံ-၇ မှာပါတဲ့ လယ်ယာမြေဟာ အကုန်ပဲထင်ပြီး လာမလျှောက်တော့တာလည်း ရှိတယ်။ ၂၀၁၈ မတ်လမှာ တောင်သူတွေဆီ ပုံစံ-၇ တွေရောက်သွားအောင် လုပ်ပေးမယ်။ စီမံထားတယ် အတတ်နိုင်ဆုံးပေါ့။ ကျန်နေရင်လည်း ဆက်ထုတ်ပေးမှာပါ။ ပုံစံ-၇ထုတ်ပေးဖို့ ကျန်နေတာ ဦးပိုင်ကွင်းနဲ့ပြောရင် ၂ သောင်းကျော် ၃ သောင်းလောက်ကျန်နေတယ်” လို့ ပြောပါတယ်။

စစ်ဆေးရေးနဲ့ အမှုတွဲ ထိန်းလက်ထောက်ဦးစီး ဦးဝင်းမြင့်ဦးက “ပုံစံ-၇ဆိုတာ တောင်သူရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပါ။ အဲလက်မှတ်ရဖို့ တောင်သူက ပုံစံ-၁ နဲ့ လာလျှောက်ရမယ်။  ပုံစံ-၂ ကနေ ၇ အထိကို ရုံးကလုပ်ပေးရမယ်။ အဲဒီပုံစံ-၁ ဆိုတဲ့ လျှောက်လွှာ လာမတင်ကြဘူး။ လိမ်ညာလျှောက်ထားရင်တော့ ဥပဒေအရ အရေးယူမယ်ဆိုတာ ပုံစံ-၁ မှာပါတယ်။ အဲဒါကို ကျေးရွာလယ်စီက ထောက်ခံမယ်။ မြို့နယ်လယ်စီက ထောက်ခံမယ်။ ခရိုင်လယ်စီက အတည်ပြုပြီး ပြန်ထုတ်ပေးတာကို ပုံစံ-၇ ပေါ့ ဝမ်းတွင်းမြို့နယ်ထဲမှာတော့ ဧက ၁ သောင်းခွဲ ကျော်လောက် လာမထုတ်သေးဘူး” လို့ ပြောပါတယ်။

မြောက်ဆည်ရွာ လယ်စီဥက္ကဋ္ဌ ဦးစန်းယု က “ဟိုလူကြောင့် ဒီလူကြောင့် ဟိုဌာနကြောင့် ဆိုတဲ့ တဦးနဲ့တဦး လက်ညှိုးမထိုးကြဘဲ ကိုယ်လုပ်ပိုင်ခွင့်ကိုယ်ရဖို့ အားလုံးပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ မြေစာရင်း၊ ဒါမှမဟုတ် ကျေးရွာလယ်စီမှာ လာစုံစမ်းမယ်။ ကိုယ့်မြေ ကိုယ့်ဘိုးဘွားမြေရှိနေရင် လျှောက်လွှာတင်ပြီး ကိုယ်လုပ်ပိုင်ခွင့် ထုတ်ယူကြစေချင်တယ်။ အတူတူပူးပေါင်းလုပ်ဆောင်မှ အကျိုးရှိမှာပါ” လို့ ပြောပါတယ်။

ရိုးစုံရွာနေတဲ့ တောင်သူကိုစိုးဦးက "အခုရ ထားတဲ့ ပုံစံ-၇ထဲမှာပါတဲ့ လယ်ယာမြေဟာ ‎ကျနော့်မြေအကုန်လို့ ထင်တာပဲ။ ဒါပေမယ့် အခုရွာလယ်စီက အသံချဲ့စက်နဲ့ နှိုးဆော်နေမှ ကျနော့်ဘိုးဘွားတွေ အမည်ပေါက်များကျန်နေမလား လယ်ယာမလုပ်ပဲ ပစ်ထားမိတဲ့မြေကို ကျနော်မေ့သွားတာများ ရှိနေမလား ဆိုတာ လယ်စီမှာ သွားကြည့် သွားစုံစမ်းရဦးမယ်။ ‎တခြားတောင်သူတွေလည်း ကျနော့လိုပဲ ဖြစ်မယ်ထင်တယ်။ ဒါကြောင့် ပုံစံ-၇တွေ မထုတ်ဘဲ ကျန်နေတာနေမှာပါ" လို့ ပြောပါတယ်။

လယ်ယာမြေဥပဒေသစ်ကို ၂၀၁၃ မှာ အတည်ပြုခဲ့ပြီး ပုံစံ-၇များထုတ်ပေးလာခဲ့တာ ၅ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ မိတ္ထီလာခရိုင်အတွင်းမှာတော့ ပုံစံ-၇ မထုတ်ကြသေးတာ ဦးပိုင်ကွင်းအနေနဲ့ ၂ သောင်းကျော်လောက်ရှိနေပြီး ဧက ၆သောင်းကျော်လောက်ရှိနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013