YBS ပေါ် ခရီးသည်အမျိုးသမီးအား ကြမ်းတမ်းစွာပြောဆိုခဲ့သည့် အမျိုးသားကိုအမှုဖွင့် (ရုပ်သံ)

2.3K
YBS ၂၀ ကားပေါ်မှာ ခရီးသည်အမျိုးသမီးကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုခဲ့တဲ့အပြင် ကုမ္ပဏီကို အထင်လွဲအောင်ပြောတယ်ဆိုပြီး ခရီးသည်အမျိုးသားတယောက်ကို ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
ဇန်နဝါရီ ၂၅ ရက် ညနေ ၃ နာရီလောက်က လှိုင်သာယာကနေ ဗိုလ်တထောင်ကို မောင်းလာတဲ့ အိုမီနီဖိုးကပ်စ် ကုမ္ပဏီပိုင် YBS ၂၀ ယာဉ်မှာ ဖြစ်ခဲ့တာပါ။
တာမွေဈေးမှတ်တိုင်မှာ တက်လာတဲ့ အသက်ကြီး အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တို့ ဟာ ဗိုလ်တထောင်ဘုရားလမ်းပေါ်က အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ရှေ့ အရောက်မှာ စကား အချေအတင်ဖြစ်ခဲ့ကြတယ်လို့ ကုမ္ပဏီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဂိတ်ဆုံးရောက်တဲ့အထိ စကားများခဲ့ကြပြီး အမျိုးသားပြောဆိုတဲ့ စကားတွေမှာ ကုမ္ပဏီကို ဂုဏ်သိက္ခာကျအောင်ပြောဆိုတာတွေ ပါတယ်လို့ ရဲစခန်းကို တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အမည်မသိတဲ့ အဲဒီအမျိုးသားကို အရေးယူပေးဖို့ ကားပေါ်က စီစီတီဗွီမှတ်တမ်းနဲ့အတူ ဗိုလ်တထောင်မြို့မရဲစခန်းမှာ ဇန်နဝါရီ ၂၆ ရက်က တိုင်ကြားထားတာ ဖြစ်ပါတယ်။