Live
Home
မြန်မာသတင်း
တပ်မတော်နှင့်ကေအိုင်အေ တိုက်ပွဲကြောင့် ဒေသခံထောင်ချီထွက်ပြေး
ပိုင်စိုး
·
January 28, 2018
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ရွှေနဲ့ပယင်းမှော်တွေ တဝိုက်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ထောင်ချီထွက်ပြေးနေရပါတယ်။ ဇီးဖြူကုန်း ပယင်းမှော်ရွာသားတယောက်က “အခုပဲ ကျနော်တို့ ရွာသားတွေအားလုံး နမ့်ကွမ်းရွှေမှော်ဘက်ကို သွားနေကြပြီ။ ကျနော်တို့က ဆိုင်ကယ်စောင့်နေတာ။ သောကြာနေ့က ဗုံးမှန်လို့ လူ ၂ ယောက်သေသွားတယ်။ တနိုင်းဘက်ကိုသွားဖို့က လမ်းတွေ ပိတ်ခံထားရတယ်။ ပြီးတော့ အဲဒီလမ်းမှာ ပစ်ခတ်တာတွေ ရှိတယ်ကြားတော့ မသွားရဲဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ရွှေနဲ့ ပယင်းမှော်တွေမှာ တပ်မတော်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနိုင်းမြို့ခံ တယောက်က  “မနေ့က လေယာဉ် နှစ်စင်းပျံနေတာကို တွေ့တယ်။ နမ့်ခမ်းရွာဘက်လို့တော့ ပြောလို့ရတယ်” လို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဇန်န၀ါရီ ၂၆ ရက်နေ့ညက တနိုင်းဆေးရုံကို လူနာ ၅ ယောက် ရောက်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “တနိုင်းဆေးရုံကို လူနာ ၅ ယောက် ရောက်လာတယ်။ ကလေးတယောက် အပါအဝင် အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၂ ယောက်ပါ။ အဲဒီဘက်တွေမှာ မှော်တွေကလည်း များတော့ ဘယ်မှော်ကလည်း အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။ သေဆုံးသူတွေလည်း ရှိတယ်လို့ သတင်းတွေ ထွက်ပေမယ့် စုံစမ်းလို့ မရသေးပါဘူး။ ၂၀၁၇ ခုနှစ်ကတည်းက တနိုင်းမြို့နယ်ထဲမှာ ရှိတဲ့ ရွှေနဲ့ ပယင်းမှော်တွေက လူတွေ ထွက်ခွာပေးဖို့နဲ့ ဇွန် ၁၅ ရက်နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး ပြုလုပ်မယ်လို့ တပ်မတော်က စာတွေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့တော့ မြန်မာတပ်မတော်နဲ့ ကေအိုင်အေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024