ရေအောက်ကမ္ဘာက လက်ထပ်မင်္ဂလာပွဲ (ရုပ်သံ)

1.4K
သတို့သမီးတွေ ပြီးပြည့်စုံတဲ့ မင်္ဂလာဝတ်စုံကို စိတ်ကူးယဉ်တဲ့အခါ ရေငုတ်ဝတ်စုံတွေကလည်း စိတ်ကူးထဲ ပါလေ့ရှိပါတယ်။
လော်ရန်ဒွန်ဂရေးဆိုတဲ့ အမျိုးသမီးက သူမခင်ပွန်းလောင်း ဂါရီနဲ့လက်ထပ်ချိန်မှာ ရေအောက်ထဲ မင်္ဂလာသတို့သမီး ဝတ်စုံဝတ်ဆင်ပြီး အပူပိုင်းဒေသက ငါးတွေ၊ ငါးမန်းတွေ စတဲ့ ဧည့်သည်တော်တွေရဲ့ စုရုံးရောက်လာ ကြည့်ရှုခြင်းခံရတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့က ထူးထူးဆန်းဆန်း ဖော်ပြထားပါတယ်။
အင်္ဂလန်နိုင်ငံ အက်စက်စ်ကောင်တီ ဟာလိုးမြို့က အသက် ၃၀ အရွယ် ဂါရီနဲ့ သူ့ရဲသတို့သမီးလောင်း လော်ရန်ကို ဘီဘီစီရဲ့ ဗုဒ္ဓဟူးနေ့ ဇာတ်လမ်းတွဲ “Don’t Tell the Bride” အစီအစဉ် ဇာတ်လမ်းတွဲတခုအတွက် ကုန်ကျစရိတ် ပေါင် ၁ သောင်း ၄ ထောင် ပေးပြီး မန်ချက်စတာမြို့မှာ သူတို့ရဲ့ ရေအောက် မင်္ဂလာပွဲအတွက် စီစဉ်ဖို့ ရွေးချယ်ခံခဲ့ရတာပါ။
သူမရဲ့နေ့ထူးနေ့မြတ်ရောက်တဲ့ အချိန်အထိ သူမရဲ့ မင်္ဂလာဆောင် ဘယ်လိုဖြစ်နေမလဲဆိုတာကို မသိတဲ့ လော်ရန် မင်္ဂလာပွဲ ရောက်ရှိလာချိန် သတို့သမီးအရံတွေ ရေသူမဝတ်စုံ ဝတ်ဆင်ထားတာ တွေ့မြင်ခဲ့ရတာပါ။
“ကျမ ဂါရီကို လုံးဝ ယုံပါတယ်၊ ဒါပေမယ့် မင်္ဂလာဆောင်မယ့်နေရာက ငါးကန်/ငါးပြတိုက်ကြီးဖြစ်နေတော့ အရမ်းအံ့သြသွားတယ်။ ဝန်ထမ်းတွေက ကျမတို့ကို အောက်ဆီဂျင် ဦးထုပ်တွေ ဆောင်းပေးပြီး ကျမတို့လည်း မင်္ဂလာအခမ်းအနား ကျင်းပဖို့ ရေအောက်ထဲ ဆင်းခဲ့တယ်။”
“ကံကောင်းစွာနဲ့ပဲ ဦးထုပ်တွေက ကျမရဲ့ ဒုတိယအကြိမ် မင်္ဂလာပွဲအတွက် ဆံပင်နဲ့ မိတ်ကပ်တွေကို အကာအကွယ်ပေးထားပြီး ရေအောက်က မင်္ဂလာပွဲမှာတော့ တကယ်ပဲ စိတ်လှုပ်ရှားခဲ့ရတယ်” လို့ ဇီဝကမ္မဗေဒပညာရှင် လော်ရန်က ပြောပါတယ်။
ဂါရီက ၃ ပတ်အတွင်း ဒီမင်္ဂလာပွဲကို စီစဉ်ရတာ လုံးဝ စိတ်ဖိစီးခဲ့ရတဲ့ အတွေ့အကြုံပဲလို့ ပြောပါတယ်။
“ကျနော် ဒီလောက် ပင်ပင်ပန်းပန်း ဘယ်တုန်းကမှ လုပ်ခဲ့ဘူးတယ်လို့ မထင်ဘူး အရမ်းမောခဲ့ရပြီး လော်ရန်မှ ကြိုက်ပါမလားလို့ စိတ်ပူခဲ့ရတယ်။ ဒါပေမယ့် ကျနော်တို့ ၂ ယောက်ဘဝအတွက် အကောင်းဆုံးနေ့ပါ” လို့ ပြောခဲ့ပါတယ်။
လက်မထပ်ခင် ၂ နှစ်ခွဲလောက် အတူနေခဲ့ကြတဲ့ လော်ရန်တို့စုံတွဲက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဒီကြော်ငြာကိုတွေ့လို့ ဟာသအနေနဲ့ လျှောက်ခဲ့ရာကနေ စမ်းသပ် သရုပ်ဆောင်ခိုင်းပြီး လေးလအကြာ ရုပ်သံ အစီအစဉ်က သူတို့ ၂ ဦးကို ရွေးချယ်ခဲ့လို့ ဒီစုံတွဲ ၂ ဦး ပြီးခဲ့တဲ့နှစ်ဇွန်လက မန်ချက်စတာမြို့မှာရှိတဲ့ ငါးကန်/ငါးပြတိုက်ကြီးထဲ လက်ထပ်ခဲ့တာလို့ သိရပါတယ်။