A d v e r t i s e m e n t With Us

အသံထက်မြန်သည့် ဗုံးကြဲလေယာဉ် ပျံသန်းမှု သမ္မတပူတင် ကြည့်ရှု

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အသစ်တည်ဆောက်ထားတဲ့ အသံထက်မြန်တဲ့ ဗုံးကြဲလေယာဉ် စမ်းသပ် ပျံသန်းတာကို ဇန်နဝါရီ ၂၅ ရက်က ကြည့်ရှု ချီးကျူးပါတယ်။ “ဒါဟာ နိုင်ငံကို ကာကွယ်နိုင်စွမ်း အားဖြည့်ဖို့အဆင့်မြင့် နည်းပညာနယ်ပယ် ဖွံ့ဖြိုးရေးအတွက် တကယ် လေးနက်တဲ့ ခြေလှမ်းတရပ်၊ အထင်ကရ မှတ်တိုင်ပဲ။ ရုရှားထုတ် နျူကလီးယားလက်နက်တွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ပိုတိုးစေလိမ့်မယ်” လို့ ပူတင်က ပြောပါတယ်။ စစ်ဘက်တင်မကဘဲ အရပ်ဘက်မှာ သုံးဖို့ ရည်ရွယ်ချက်နဲ့ အလားတူ လေယာဉ်တွေကို ထုတ်လုပ်ရေး စဉ်းစားဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ နေတိုးက ဘလက်ခ်ဂျက်စ်လို့ လျှို့ဝှက်နာမည်နဲ့ခေါ်တဲ့ TU-160M ခေတ်မီ နျူကလီးယား ဗုံးကြဲလေယာဉ်တွေထဲက ၁၀ စီးကို အခုကနေ ၂၀၂၇ ခုနှစ်အတွင်း ရုရှား လေတပ်ဆီကို လွှဲပေးဖို့ ကြာသပတေးနေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ တစီးကို အမေရိကန်ဒေါ်လာ ၂၆၉ သန်း ကုန်ကျပါတယ်။ ဆိုဗီယက်ခေတ် ဗုံးကြဲလေယာဉ်တွေကို ခေတ်မီအောင် တစိတ်တပိုင်းအဆင့်မြှင့်ထားတဲ့ လေယာဉ်တွေပါ။ အနောက်နိုင်ငံတွေနဲ့ နျူကလီးယားစစ်ပွဲ ဖြစ်ပွားခဲ့ရင် ခရီးဝေးကို နျူကလီးယား လက်နက်တွေ သယ်ပို့ရာမှာ တာဝန်ပေးနိုင်ပါတယ်။ ဒီလေယာဉ်တွေဟာ ခရုဇ်ဒုံးကျည် ၁၂ စီး ဒါမှမဟုတ် တာတိုပစ် နျူကလီးယား ဒုံးကျည် ၁၂ လုံးကို သယ်နိုင်စွမ်းရှိပြီး ခရီးမိုင် ၇၅၀၀ ကို ဆီထပ်မဖြည့်ဘဲ မနားတမ်း ပျံသန်းနိုင်ပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ ပြန်ရွေးကောက်ခံဖို့ ပြင်ဆင်နေတဲ့ ပူတင်ဟာ ထင်မြင်ချက် စစ်တမ်းတွေအရ အလွယ်တကူ အနိုင်ရနိုင်ချေ ရှိနေပါတယ်။ သူဟာ ကာဇန်ဒေသက လေယာဉ်သစ် ထုတ်လုပ်တဲ့ စက်ရုံတွေ၊ လေယာဉ်ပြေးလမ်းတွေနဲ့ လေယာဉ်ရုံတွေ၊ ခေတ်မီ အလုပ်ရုံတွေဆီကိုလည်း သွားရောက် စစ်ဆေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up