DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှုဥပဒေကို စီးပွားရေးပညာရှင်များ ဝေဖန်
DVB
·
May 8, 2012
Donate to DVB

မြန်မာပြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဟာ တိုင်းပြည်စီးပွားရေးမှာ အပြောင်းအလဲတွေကို ဖန်တီးမပေးဘဲ၊ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍမှာ လူတစုက လက်ဝါးကြီးအုပ်တာမျိုးကို ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ထင်ရှားတဲ့ စီးပွားရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

တိုင်းပြည်မှာ ဆိုးရွားတဲ့ အစိုးရအုပ်ချုပ်မှုစနစ်၊ အဂတိလိုက်စားမှုတွေ၊ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦ၊ စီမံလုပ်ကိုင်မှုအပိုင်းက အားနည်းချက်တွေ လူသားအရင်းအမြစ်အပိုင်းမှာ အားနည်းတာတွေဟာ ရေရှည်စီးပွားရေး တိုးတက်မှုအတွက် အဓိက အဟန့်အတားတွေအဖြစ် ရှိနေတယ်လို့ ဆိုကြပါတယ်။

လွှတ်တော်နှစ်ရပ်က အတည်ပြုထားပြီး သမ္မတက လက်မှတ်ထိုးဖို့ပဲ ကျန်တော့တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ နိုင်ငံခြားသားတွေဟာ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတခုကို ပြည်တွင်းက ဖက်စပ်ထည့်ဝင်မှုမလိုဘဲ ရာနှုန်းပြည့် ပိုင်ဆိုင်ဖို့ ခွင့်ပြုထားပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေအတွက် ၅ နှစ် အခွန်ကင်းလွတ်ခွင့်၊ နှစ်ရှည် မြေငှားရမ်းခွင့်တွေ ခွင့်ပြု ထားပါတယ်။

ထင်ရှားတဲ့ စီးပွားရေးသုတေသနနဲ့ အကြံပေးအဖွဲ့ (Economist Intelligence Unit)က စူမနာ ရာဂျာရသ်နမ်က မြန်မာပြည်မှာ စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ တိတိကျကျ မရှိသေးတဲ့အတွက် နိုင်ငံခြားက ကုမ္ပဏီကြီးတွေက ၀င်လာပြီး ကုမ္ပဏီအငယ်နဲ့ အလတ်စားတွေကို သိမ်းကျုံးဝယ်သွားတာမျိုးဖြစ်လာရင် ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာမဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တန်နယ်ကလည်း `အကယ်၍ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေဟာ အရင်အစိုးရလက်ထက်ကတည်းက စီးပွားရေးမှာ အခွင့်ထူးရနေတဲ့ အပေါင်းအပါတစုကို မျက်နှာသာပေးနေဦးမယ်ဆိုရင် စီးပွားရေးမှာ စနစ်ဟောင်းက ခရိုနီတွေကပဲ ဆက်ပြီး ခြယ်လှယ်နေဦးမယ်´ လို့  ထောက်ပြပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့  စီးပွားရေးလုပ်ကိုင်ခွင့် လိုင်စင်တွေကို ထုတ်ပေးတဲ့နေရာ၊ သွင်းကုန် ထုတ်ကုန် လိုင်စင်တွေကို  တင်းကျပ်ထားတာတွေကို ဖယ်ရှားဖို့ လိုတယ်လို့ ပြောပါတယ်။

ထင်ရှားတဲ့ စီးပွားရေးသုတေသနနဲ့ အကြံပေးအဖွဲ့ Economist Intelligence Unit အဖွဲ့က စူမနာ ရာဂျာရသ်နမ် ကလည်း “မြန်မာပြည်က စီးပွားရေးကဏ္ဍမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထိန်းချုပ်ထားတာက ပြဿနာတရပ်ဖြစ်နေတယ်” လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးပြီး အနာဂတ် အလားအလာအပေါ် အကောင်းမြင်သုံးသပ်ထားတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ အစီရင်ခံစာသစ်မှာလည်း  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့  သတိပေးထားတာရှိပါတယ်။

နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ဖွင့်ပေးတဲ့အခါမှာ အဆင့်တိုင်းကို သတိထားပြီးဖွင့်ပေးဖို့၊ စီးပွားရေး တည်ငြိမ်ရေးလည်း အာရုံစိုက်ဖို့ လိုအပ်တယ်လို့ အိုင်အမ်အက်ဖ်ရဲ့ မြန်မာ့စီးပွားရေးသုံးသပ်ချက် အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အလျင်စလိုလုပ်မယ်ဆိုရင် တန်ဖိုးကြီးကြီးပေးရမယ့် အမှားအယွင်းတွေ ဖြစ်နိုင်တယ်လို့ အိုင်အမ်အက်ဖ်က သတိပေးထားပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို အချိန်ယူလုပ်ဆောင်တဲ့အခါမှာ အများပြည်သူတွေကို အကျိုးရှိမယ့် ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်ဖို့ အိုင်အမ်အက်ဖ်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013