Homeမြန်မာသတင်း
ဒု-သမ္မတ ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း
ဒု-သမ္မတ ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း
ရွှေအောင်
·
May 8, 2012
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့အတွက် ဒု-သမ္မတ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း မေ ၃ ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ရုံးက အမိန့်အမှတ် ၁၂/၂၀၁၂ကို ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလုပ်ငန်းကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် ဒုတိယ သမ္မတစိုင်းမောက်ခမ်းနဲ့ ဒုတိယ ဥက္ကဋ္ဌတွေအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ပါဝင်ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက် တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ တာဝန်နှစ်ရပ်ကတော့ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးခြင်းဆိုပြီး ပါရှိပါတယ်။
ပြည်နယ်အဆင့်ဆွေးနွေးခြင်းမှာ အပစ်အခတ်ရပ်တာ၊ သတ်မှတ်နေရာမှာနေတာ၊ သတ်မှတ်နေရာကနေ တခြားကို လက်နက်နဲ့မသွားဖို့၊. ဆက်ဆံရေးရုံးထားရှိရေး နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးဖို့နဲ့ အချိန်နေရာသတ်မှတ်ပေးဖို့ ပါပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှာ- ပြည်ထောင်စုအတွင်း အမြဲနေထိုင်ရေး၊ ပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရန်နဲ့ ပြင်ဆင်လိုပါက လွှတ်တော်တွင်းမှာ အများသဘောတူ ဆန္ဒနဲ့အညီဆောင်ရွက်ရေး၊ ဥပဒေဘောင်တွင်း အပြီးဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နေထိုင်ရေးနဲ့ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ၇ ဦးက အဖွဲ့ဝင်တွေအဖြစ် ပါဝင်သလို ကချင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တွေက ၀န်ကြီးချုပ်တွေ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းက ၀န်ကြီးချုပ်တွေ။ ရန်ကုန်၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်း ၃ခုကလွဲလို့ ကျန်တိုင်းစစ်ဌာနချုပ်တိုင်း ၁၀ တိုင်းက စစ်တိုင်းမှူးတွေ၊ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနဲ့ ဒုတိယရှေ့နေချုပ်တို့က အဖွဲ့ဝင် အဖြစ်ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းရင်းသားတွေက ၁၀ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားတွေက ၁၀ ဦး ပါဝင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ချုပ် ဦးတင်မျိုးကြည်က ကော်မတီရဲ့အတွင်းရေးမှူး ဖြစ်ပါတယ်။
အခုဖွဲ့စည်းပေးလိုက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ရဲ့ ဆောင်ရွက်ချက်တွေ ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို အချိန်နဲ့ တပြေးညီ တင်ပြရမယ်လို့ သမ္မတရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီတွေမှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဦးဆောင်ဖွယ်ရှိပါတယ်။