Home
ဆောင်းပါး
တရားမျှတတဲ့ဥပဒေဖြစ်မှ တရားဥပဒေစိုးမိုးရေးရှိနိုင် အပိုင်း (၂)
DVB
·
May 8, 2012
လယ်ယာမြေဥပဒေကို လေ့လာခြင်း မကြာသေးခင်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေသစ်များထဲမှာ တိုင်းပြည်လူဦးရေရဲ့ သုံးပုံ နှစ်ပုံခန့် ရှိတဲ့ ကျေးလက်နေ တောင်သူလယ်သမားများအတွက် အလွန်အရေးကြီးတဲ့ လယ်ယာမြေဥပဒေသစ်လည်း ပါဝင်ပါတယ်။ ဒီဥပဒေပြဋ္ဌာန်းမှုနဲ့အတူ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေနဲ့ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေတွေကို ရုပ်သိမ်းခဲ့ပါတယ်။ တချိန်က ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံး နိုင်ငံအဆင့်နဲ့ အရှေ့တောင်အာရှဒေသရဲ့ အချမ်းသာဆုံး နိုင်ငံတနိုင်ငံဖြစ်ခဲ့ တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least Developed Country - LDC) အဆင့်ကို လျော့ကျခဲ့တာ ၁၉၈၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဦးစားပေး မူဝါဒ ချမှတ်ထားတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က ရေးဆွဲခဲ့တဲ့ လယ်ယာမြေဥပဒေသစ် ဟာ မြန်မာ့လယ်သမားထု တရပ်လုံး အပေါ် ကြီးမားတဲ့ ပြောင်းလဲ သက်ရောက်မှုတွေ ရှိလာနိုင်မှာလား လို့ လေ့လာမိပါတယ်။ လယ်ယာမြေ ဥပဒေသစ်ဟာ ဘယ်လောက်ပြည့်စုံမှုရှိသလဲ၊ ဘယ်လို အကောင်အထည်ဖော်မှာလဲ ဆိုတဲ့အချက်က တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှု အခြေအနေ လျော့ပါးသွားနိုင်သလို ပိုလည်း ဆိုးသွားနိုင် ပါတယ်။ လယ်ယာမြေဥပဒေသစ်ကို လေ့လာရာမှာလည်း ဒီဥပဒေဟာ တောင်သူလယ်သမားတွေ အကျိုးကို ဦးတည်ပြီး ရေးဆွဲထားသလား ဒါမှမဟုတ် အုပ်ချုပ်သူ အစိုးရရဲ့အကျိုးကို ဦးတည်ထားသလားဆိုတဲ့ ရှုထောင့်ကနေ သုံးသပ်ချင်ပါတယ်။ ဥပဒေသစ်မှာ အဓိကကျတဲ့အချက်က လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တွေကို ဗဟိုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအဆင့် အထိ အသီးသီးဖွဲ့စည်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိထားသူတွေရော၊ မရှိသူတွေပါ ဥပဒေသစ်နဲ့အညီ ရပ်ကွက်နဲ့ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က တဆင့် သက်ဆိုင်ရာ မြို့နယ် ကြေးတိုင် နဲ့မြေစာရင်းဦးစီးဌာနရုံးကို ပြန်လည် လျှောက်ထားပြီး ကျသင့်တဲ့ မှတ်ပုံတင်ကြေး ပေးသွင်းပြီးရင် မြို့နယ်ဦးစီးရုံးက လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး အလွန် ကြီးမားကျယ်ပြန့်ရုံမျှမက အလွန်ရှုပ်ထွေးတဲ့ လုပ်ငန်းဖြစ်သလို မလုပ်ရင်မဖြစ်တဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်နဲ့ န၀တ၊ နအဖအစိုးရ ခေတ်တွေတုန်းက လယ်ယာမြေစီမံခန့်ခွဲမှု ကို ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာနက အဓိက ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျေးလက်တောရွာ အများအပြားမှာ တောင်သူလယ်သမားတွေဟာ အစဉ်အဆက် လယ်အခွန်သာ ပုံမှန်ဆောင်ခဲ့ကြတယ်။ လယ်လုပ်ပိုင်ခွင့် အထောက်အထား ခိုင်ခိုင်မာမာ မရှိကြသူတွေ အများအပြား ရှိနေပါတယ်။ ဒီလိုဖြစ်ရတာဟာ ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနအနေနဲ့ ဘဏ္ဍာငွေ မလုံလောက်တာ၊ ၀န်ထမ်း အင်အားနည်းပါးတာ၊ ကျွမ်းကျင်မှုအားနည်းတာနဲ့ နိုင်ငံအနှံ့ သိန်းနဲ့ချီရှိတဲ့ လယ်ယာမြေတွေကို အကုန်အစင် မှတ်ပုံတင်နိုင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းတာကြောင့်နဲ့ နယ်မြေလုံခြုံမှု မရှိတာတွေကြောင့် ဖြစ်ပါတယ်။  ဒါ့အပြင် အကျင့်ပျက် ၀န်ထမ်းတွေကြောင့် လယ်သမားကိုယ်တိုင် လျှောက်ထားမှုတွေရှိပေမယ့် လယ်လုပ်ပိုင်ခွင့် အထောက်အထား မထုတ်ပေးတာမျိုးလည်း ရှိပါတယ်။ ဒီလိုနဲ့နေထိုင်လာခဲ့တာ ရာစုနှစ်တ၀က်မက အချိန်ကာလအတွင်းမှာ တောင်သူလယ်သမား မိသားစုတွေဟာ မျိုးဆက် ၂ ဆက် ၃ ဆက်ခန့် ပြောင်းလဲပြီး မိဘဘိုးဘွားတွေရဲ့ လက်ငုတ် လက်ရင်းဖြစ်တဲ့ လယ်ယာမြေကို ဆင့်ကဲ လက်ဆင့်ကမ်း အမွေဆက်ခံတဲ့ အစဉ်အလာ နဲ့ နေထိုင်ခဲ့ကြတယ်။ လယ်မြေဧက သတ်မှတ်ချက်တွေလည်း တရွာတပုဒ်ဆန်း ဆိုသလို အစဉ်အလာအတိုင်း ကန်သင်းရိုးနဲ့ ပိုင်းခြားသတ်မှတ်ပြီး ဒီနည်းလမ်းကို အခုအချိန်အထိ လက်ခံကျင့်သုံးနေကြသေးတယ်။ ဒီဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပြန်လည် လျှောက်ထားရမှာ ဖြစ်တဲ့အတွက် တောင်သူလယ်သမား တဦးပိုင်ဆိုင်တဲ့ မြေဧက အကျယ်အ၀န်းကို စနစ်တကျ ပြန်လည်တိုင်းတာ သတ်မှတ်ရမှာဖြစ်လို့ အစဉ်အလာက လက်ခံခဲ့တဲ့ လယ်မြေအကျယ်အ၀န်းဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ တချိန်ချိန်မှာ မြန်မာနိုင်ငံဟာ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်မူဝါဒကို ကျင့်သုံးခဲ့ရင် အခက်အခဲမရှိဘဲ အလွယ်တကူ ပြောင်းလဲကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံတော်က မြေအားလုံးရဲ့ မူလ ပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ မူဝါဒကို လွတ်လပ်ရေးရပြီးချိန်ကစလို့ ခုထိ ကျင့်သုံးနေဆဲပါပဲ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း (၁) “နိုင်ငံတော်အခြေခံမူများ အခန်း ပုဒ်မ ၃၇/က မှာ “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်” လို့ ပြဋ္ဌာန်းခဲ့သလို အခုလယ်ယာမြေ ဥပဒေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရေးဆွဲရတဲ့အတွက် တောင်သူလယ်သမားတွေအနေနဲ့ လယ်လုပ်ပိုင်ခွင့်သာ ရရှိမှာဖြစ်ပြီး မိမိလယ်ယာမြေကို ပိုင်ဆိုင်ခွင့်မရှိပါ။ ဒီမူဝါဒကို ကျင်သုံးရတဲ့အကြောင်းရင်းကို အစိုးရအဆက်ဆက်က မြေရှင်ပဒေသရာဇ်ခေတ်ကလို လယ်ပိုင်ရှင်ကြီး လူတန်းစား ပေါ်ပေါက်မလာဖို့ လယ်မဲ့ယာမဲ့ လူတန်းစားတွေ ကြီးထွား မလာဖို့ ဖြစ်တယ်လို့ အကြောင်းပြချက် ပေးခဲ့ကြတယ်။ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီကလည်း ထိုအကြောင်းပြချက်ကို ဆက်ဆွဲကိုင်ထားပါတယ်။ တချိန်က ဒီမူဝါဒကို ယုံယုံကြည်ကြည် ကိုင်ဆွဲခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ မကြာသေးခင်က ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီအများစုက ဒီမူဝါဒကို ဆန့်ကျင်ကြတယ်။ တကယ်တော့ စီးပွားရေးကို ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲခဲ့ပြီးကတည်းက လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့တဲ့အတွက် အခုဆိုရင် လယ်မြေဧကပေါင်း သောင်းနဲ့ သိန်းနဲ့ချီပိုင်ဆိုင်နေတဲ့ ခေတ်သစ်မြေပိုင်ရှင်ကြီးတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတာ ဆယ်စုနှစ် တခုမက ရှိနေပါပြီ။ အဲ့ဒီအတွက် အစိုးရရဲ့ အကြောင်းပြချက်ဟာ ဆီလျော်မှုမရှိတော့ဘဲ လူများစု လယ်သမားတွေ ဆင်းရဲစေတဲ့ အကြောင်းရင်း ဖြစ်လာပါတယ်။ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်မူဝါဒကြောင့် နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ရှိတဲ့ တောင်သူလယ်သမားထုကြီးမှာ အမှန်တကယ် မြေအရင်းအနှီး (Land Capital) မရှိသလို အဲ့ဒီမြေမှာ ရင်းနှီးလုပ်ကိုင်စားသောက်ဖို့ ငွေပင်ငွေရင်း (Financial Capital)ရရှိနိုင်မယ့် နည်းလမ်းရှားပါးတာ၊ နှစ်တိုင်းနီးပါးရင်ဆိုင်လာရတဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးတာကြောင့် ဆင်းရဲမွဲတေမှု သံသရာထဲက ရုန်းမထွက်နိုင်ဘဲ ရှိနေကြတယ်။ တကယ်လို့ ဒီမူဝါဒကို ပြောင်းလဲကျင့်သုံးမယ် ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဥပဒေသစ်အရ ပြည်ထောင်စုအစိုးရဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းပေးမှာပါ။ အဲ့ဒီအဖွဲ့ကမှတဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေကို အဆင့်ဆင့်ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒီဗျူရိုကရေစီစနစ်သစ်ရဲ့ အလုပ်လုပ်ပုံအဆင့်ဆင့်ကို ဥပဒေမှာ ဖော်ပြထားတဲ့ အချက်တွေအရ အောက်ပါ ဇယားကွက်နဲ့ ပုံဖော်လေ့လာကြည့်မိပါတယ်။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေက သမ္မတကို ပေးအပ်ထားတဲ့ ပုဒ်မ ၃၉ အရ အခွင့်အာဏာကို ဒီဥပဒေသစ်ရဲ့ ပုဒ်မ ၂၆ မှာ အလားတူ ပြန်လည်ကျင့်သုံးထားပါတယ်။ ဥပဒေသစ်ရဲ့ ပုဒ်မ ၂၆ က “တည်ဆဲ ဥပဒေတရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော် အကျိုးငှာဖြစ်စေ၊ အများပြည်သူ အကျိုးငှာဖြစ်စေ သိမ်းယူသည့်လယ်ယာမြေနှင့် ယင်းလယ်ယာမြေပေါ်၌ အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်း အပါအဝင် မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထားသည့် ကိစ္စရပ်များအတွက် နစ်နာမှုလုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်” လို့ ဖော်ပြထားတယ်။ ဒါ့အပြင် ပုဒ်မ ၂၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာနတွေဟာ လယ်ယာမြေပေါ်တွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတခုခု၊ မြို့ရွာတိုးချဲ့ရေး စီမံကိန်းတခုခု ဒါမှမဟုတ် အခြားစီမံကိန်းလုပ်ငန်း တခုခုကို ဆောင်ရွက်ရာမှာ ပုဒ်မ ၂၆ အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကတဆင့် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ရှိ မြေယာတွေကို အချိန်မရွေး သိမ်းယူခွင့် ရှိပါတယ်။ ဒါပေမယ့် လယ်ယာမြေအငြင်းပွားမှုတွေကို ဖြေရှင်းတာနဲ့ အမြင့်ဆုံးအဆင့် အယူခံဝင်တာကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်အထိသာ သတ်မှတ်ပေးထားပြီး ထိုအဆင့်က ဆုံးဖြတ်ချက်တွေဟာ အပြီးအပြတ်ဖြစ်တယ်လို့ ဖော်ပြထားတဲ့အတွက် ပြည်ထောင်စုအစိုးရက တိုက်ရိုက်အကောင်အထည်ဖော်တဲ့ ဒါမှမဟုတ် လုပ်ပိုင်ခွင့်ချပေးတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ်ဖြစ်စေ၊ ပုဂ္ဂလိက သက်သက်ဖြစ်စေ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှာ လယ်ယာမြေသိမ်းမှုတွေ ပေါ်ပေါက်လာခဲ့လို့ အငြင်းပွားမှုဖြစ်ပေါ်တဲ့အခါ ဥပဒေလမ်းကြောင်းအရ အဆင့်ဆင့်ဖြေရှင်းဖို့ ဗဟို လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နဲ့ နိုင်ငံတော် သမ္မတထံ အယူခံလွှာတင်သွင်းခွင့် မရှိပါဘူး။ နောက်ထပ်အရေးကြီးတဲ့ အချက်တခုက ဥပဒေရဲ့ ပုဒ်မ ၁၃ မှာ “ဤဥပဒေ အာဏာတည်ပြီးသည့်နောက် လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့် ရှိသည်” လို့ ဖော်ပြထားပါတယ်။ ဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားခွင့်ရှိပေမယ့် အကျင့်ပျက်ခြစားမှုတွေရှိနေတဲ့ ဗျူရိုကရေစီစနစ်ကို အသုံးချပြီး စီးပွားရေးသမားများနဲ့ အာဏာပိုင်တို့ပူးပေါင်းကာ တဖက်မှာ လယ်သမားတွေ လယ်လုပ်ပိုင်ခွင့် လက်မှတ်မရရှိအောင် ဒါမှမဟုတ် ရရှိဖို့ခက်ခဲပြီး အချိန်ကြာမြင့်နေအောင် ဆောင်ရွက်လာနိုင်ပါတယ်။ တခြားတဖက်မှာ လယ်လုပ်ပိုင်ခွင့် လက်မှတ်မရှိလို့ တရားဥပဒေအရ ခုခံခွင့်မရှိတာကို အခွင့်အရေးယူပြီး စီမံကိန်းလုပ်ငန်း အမျိုးမျိုးအတွက် မြေသိမ်းမှုတွေကို ရဲရဲတင်းတင်း လုပ်လာနိုင်တဲ့အတွက် လူမှုမတည်ငြိမ်မှုတွေ မလိုလားအပ်ဘဲ ဖြစ်လာနိုင်ပါတယ်။ အစိုးရ အဆက်ဆက်ပြောင်းခဲ့ပေမယ့် အခုအချိန်အထိ စီမံကိန်းသီးနှံစိုက်ပျိုးရသည့် စနစ် ရှိနေပါသေးတယ်။ တောင်သူတဦးအနေနဲ့ စီမံကိန်းသီးနှံထက် ပိုပြီး အကျိုးအမြတ်ရရှိမှာ သေချာတဲ့ အခြားသီးနှံတခုခုကို ပြောင်းလဲ စိုက်ပျိုးခွင့် မရကြပါဘူး။ လယ်ယာမြေဥပဒေသစ်မှာလည်း ဒီအချက်ကို ဆက်လက် ထည့်သွင်းထားပါတယ်။ ဥပဒေသစ် ပုဒ်မ ၁၂/ဇ မှာ “လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစား သို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရ” လို့ ပြဋ္ဌာန်းပြီး သီးနှံရွေးချယ်စိုက်ပျိုးခွင့်ကို ကန့်သတ်ထားပါတယ်။ အစိုးရအနေနဲ့ ဒီလို ကန့်သတ်ထားတာဟာ နိုင်ငံရဲ့ အဓိကသီးနှံဖြစ်တဲ့ စပါးစိုက်ပျိုးမှု ကျဆင်းလာမှာကို ကာကွယ်ချင်တဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ဒီလို ကန့်သတ်ထားလို့ ဈေးကွက်ဝင် ဈေးကောင်းရတဲ့သီးနှံတွေ မစိုက်ပျိုးနိုင်ဘဲ အကျိုးအမြတ်တွေဆုံးရှုံးရမယ့် တောင်သူဦးရေ ဘယ်လောက်ရှိမလဲဆိုတာ မသိနိုင်ပါဘူး။ ဥပဒေသစ်မှာ တောင်သူလယ်သမားတွေကို ပေးထားတဲ့ အခွင့်အရေးတချို့တော့ ပါဝင်လာပါတယ်။ အဲ့ဒါက မိမိလုပ်ပိုင်ခွင့်ရထားတဲ့ လယ်ယာမြေကို တစိတ်တပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ရောင်းချခွင့်၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်၊ လဲလှယ်ခွင့်နဲ့ ပေးကမ်းခွင့်တွေ ပေးထားပါတယ်။ တကယ်တော့ ဥပဒေက လက်တွေ့ဖြစ်ပျက်နေတာတွေကို အသိအမှတ်ပြုလိုက်တာလို့ ဆိုရမှာပါ။ အရင်ဥပဒေတွေမှာ လယ်ယာမြေရောင်းချခွင့်ကို တားမြစ်ထားပေမယ့် လက်တွေ့မှာ ဒီလိုရောင်းဝယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့တာပါ။ လယ်ယာမြေဥပဒေသစ်မှာ တောင်သူလယ်သမားတွေအတွက် အရင်ကမရရှိခဲ့တဲ့ အခွင့်အရေးတခု ပေးထားပါတယ်။ ဥပဒေ ပုဒ်မ ၃၈ မှာ “တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်စေရေးကို ရှေးရှု၍ ပြဋ္ဌာန်းထားသော ဥပဒေများအတိုင်း တောင်သူလယ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်သည်” လို့ ဆိုထားတဲ့အတွက် တောင်သူလယ်သမားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားအဖွဲ့အစည်းတွေအနေနဲ့ ညီညွတ်မယ်ဆိုရင် ၎င်းတို့ ဆုံးရှုံး နစ်နာမှုတွေ ပြည်လည်ရရှိဖို့နဲ့ ရှိနေတဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ လွှတ်တော်ထဲမှာ လယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့ စနစ်တကျ တောင်းဆိုသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ မလွယ်ကူပေမယ့် ညီညွတ်မှုရှိမယ်ဆိုရင် လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ရရှိဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင် ပြင်ဆင်နိုင်လာမှာ ဖြစ်ပါတယ်။ လယ်ယာမြေဥပဒေသစ်မှာ နောက်ဆုံးနဲ့ ဘ၀င်မကျဆုံးအချက်ကတော့ ပုဒ်မ ၄၀ “ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေ အရပြုသည့် နည်းဥပဒေများနှင့်အညီဖြစ်စေ သဘောရိုးဖြင့် ဆောင်ရွက်သည့် ကိစ္စတရပ်ရပ်အတွက် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့် မရှိစေရ” လို့ဆိုပြီး ဥပဒေ အားလုံးကနေ ကင်းလွတ်ခွင့် (Immunity) ပေးထားတဲ့အချက်ဖြစ်ပါတယ်။ ဒီကင်းလွတ်ခွင့်ကို ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကစလို့ ဗဟိုအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ကြမယ့်သူတွေ ခံစားရရှိမှာဖြစ်တယ်။ ဒါဟာ မြန်မာနိုင်ငံလို အကျင့်ပျက်ခြစားမှု (Corruption) နှုန်းမြင့်မားတဲ့ နိုင်ငံမျိုးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ အစိုးရ၀န်ထမ်းတွေအကြား အကျင့်ပျက်ခြစားမှု ကျယ်ပြန့်လာတာဟာ ဥပဒေမှ ကင်းလွတ်ခွင့် ရရှိနေတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ ကင်းလွတ်ခွင့်အမျိုးမျိုး ရရှိနေတာဟာလည်း အဓိပ္ပာယ်ဖော်ရခက်ခဲတဲ့ (ဥပမာ သဘောရိုးဖြင့်ဆောင်ရွက်သည့်ကိစ္စ) ဆိုတဲ့ ကိုယ်လိုရာဆွဲပြောနိုင်တဲ့ စကားရပ်တွေကို အာဏာရှိသူတွေက မိမိကိုယ်ကို ကြိုတင်အကာအကွယ်ယူဖို့ ဥပဒေတွေထဲ ထည့်သွင်းပြဋ္ဌာန်းနေကြလို့ပဲ ဖြစ်ပါတယ်။ ဒီလိုဥပဒေမျိုးတွေရှိနေသရွေ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုအားနည်းတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ တရားဥပဒေ စိုးမိုးရေးရရှိဖို့ ခက်ခဲနေဦးမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024