Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို နိုင်ငံတကာချေးငွေဖြင့် အဆင့်မြှင့်တင်မည်
နေဖြိုးဝင်း
·
January 25, 2018
  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အဆင့်မြှင့်တင်ဖို့ နိုင်ငံတကာချေးငွေနဲ့ အထူး ရန်ပုံငွေတွေ ရရှိဖို့ ညှိနှိုင်းနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။ ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်အမတ် ဦးလားလ်မင်းထန် မေးမြန်းတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို အထူးဦးစားပေး အနေနဲ့ ၂၀၂၀-၂၁ ဘဏ္ဍာရေး နှစ်မကုန်မီ အပြီးသတ် ကတ္တရာထပ်ပိုးလွှာခင်းပေးဖို့ အစီစဉ်ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေဆိုတာပါ။ “ရန်ကုန်-မန္တလေးအမြန်လမ်းကြီး အဆင့်မြှင့်တင်ဖို့ ပြည်ထောင်စုရန်ပုံငွေအပြင် သီးသန့် အထူးဦးစားပေး အစီအစဉ်အနေနဲ့ နိုင်ငံတကာချေးငွေနဲ့ အထူးရန်ပုံငွေတွေ ရရှိဖို့ ညှိနှိုင်း ဆောင်ရွက်နေပြီး Public Private Partnership စနစ်နဲ့လည်း ဆောင်ရွက်ဖို့ လျာထားပါတယ်” လို့ ဦးကျော်လင်းကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေးအမြန်လမ်းကြီးရဲ့ မိုင်(၀/၀)မှ (၃၉/၀)ထိ (ရန်ကုန်-ဘောနတ်ကြီး အပိုင်း)မှာ လက်ရှိ ကွန်ကရစ်လမ်းကို ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းဖို့၊ အတွင်းအပြင် လမ်းပုခုံးအကျယ် စုစုပေါင်း ၂ ဒသမ ၅ မီတာကိုလည်း ကတ္တရာကွန်ကရစ်လမ်းခင်းဖို့၊ ဘောနတ်ကြီးမှာ Interchange ၁ ခု ဆောက်လုပ်ဖို့နဲ့ လမ်းတလျှောက် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးတွေ လုပ်ဖို့အတွက် ၂၀၁၈ ဘဏ္ဍာနှစ်ကနေ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဆီယံအခြေခံအဆောက်အဦရန်ပုံငွေအဖွဲ့ ချေးငွေတွေနဲ့ ဆောင်ရွက်ဖို့ အစိုးရအဖွဲ့ စီးပွားရေးကော်မတီက ခွင့်ပြုချက်ရရှိပြီးဖြစ်လို့ အစိုးရအဖွဲ့အစည်းအဝေးကို ဆက်လက် တင်ပြထားပြီး အတည်ပြုချက်ရရှိရင် ပြည်ထောင်စုလွှတ်တော်ကို ဆက်တင်ပြသွား မယ်လို့ ဆိုပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဟာ လမ်းမိုင်အရှည် ၃၆၆ မိုင် ၃ ဖာလုံ၊ အသွား အပြန် ၇၃၂ မိုင် ၆ ဖာလုံရှိပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ၂၅ ပေအကျယ် ကတ္တရာကွန်ကရစ်ခင်းတာ ၁၄၉ မိုင် ၅ ဖာလုံ ၄၄၄ ပေ ပြီးစီးပြီလို့ သိရပါတယ်။ “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၂၅ ပေအကျယ် ကတ္တရာကွန်ကရစ်ခင်းတာ ၁၃ မိုင် ၇ ဖာလုံ ၄၂၇ ပေ ဆောင်ရွက်မှာဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်မှာ ကတ္တရာကွန်ကရစ်ခင်းဖို့ ၅၆၉ မိုင် သုည ဖာလုံ ၄၄၉ ပေ ကျန်ရှိမှာဖြစ်ပါတယ် ” လို့ ဦးကျော်လင်းက ဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၁ ခုနှစ်ကစပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်မဆောင် ရွက်တော့ဘဲ ကြီးကြပ်သူအနေနဲ့သာ ရပ်တည်သွားမယ်လို့ ဇန်န၀ါရီ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024