ပြင်စလူမြို့နယ်တွင် လူဦးရေ ၇ ထောင်ခန့် သောက်သုံးရေလိုအပ်
DVB
·
May 6, 2012
ဧရာဝတီတိုင်း ပြင်စလူမြို့နယ်မှာ ရှိတဲ့ နံသာကုန်း၊ ကုန်းကြီး၊ လေယာဉ်ကွင်း ရွာ ၃ ရွာက လူဦးရေ ၇၀၀၀ လောက် သောက်သုံးရေလိုအပ်နေတယ်လို့ ပြင်စလူ ဒေသခံတွေက ပြောပါတယ်။
သောက်သုံးရေ အခက်အခဲ အကူအညီပေးနေတဲ့ ကိုအောင်မိုးဝင်က “သောက်သုံးရေပြတ်တာက တပတ်လောက်ရှိနေပြီဆိုတော့ ပြင်စလူကျေးရွာမှာ ရှိနေတဲ့ ဆရာတော်တွေ၊ အန်အယ်လ်ဒီက လူငယ်တွေ၊ ပြင်စလူက ဌာနဆိုင်ရာတွေရော ပူးပေါင်းပြီး လုပ်နေကြတယ်။ သူတို့ဆီမှာ ရှိတဲ့ ငွေကြေးတွေနဲ့ မလုံလောက်ဘူး။ ဒါဟာ ရှေ့ကို ဆက်ပြီး နေပူသွားမယ်ဆိုရင် ကျန်တဲ့ကျေးရွာတွေလည်း ရေပြတ်လာနိုင်တယ်ဆိုတော့ ကျနော်တို့လည်း လပွတ္တာမှာရှိတဲ့ နှလုံးသား အခမဲ့ကျန်းမာရေးအဖွဲ့အနေနဲ့ ကျနော်တို့ ဆင်းတာပါ။”
သောက်သုံးရေ ပြတ်လပ်တာတွေကြောင့် ပြင်စလူမြို့နယ် ကုန်းကြီးကျေးရွာမှာ ဝမ်းရောဂါ စဖြစ်နေပြီလို့ ကိုအောင်မိုးဝင်းက ဆက်ပြောပါတယ်။
“ကုန်းကြီးရွာမှာ ၃၀ ရက်နေ့ကတည်းကစပြီး ဝမ်းရောဂါ ဖြစ်တာ။ ကျနော်တို့သိသလောက် အားလုံးဖြစ်တာက ၂၁ ယောက်၊ ကလေး အယောက် ၂၀၊ လူကြီး ၁ ယောက်။ အဲဒါကိုလည်း သက်ဆိုင်ရာ ဌာနက ချက်ချင်းဆင်းပြီးတော့ ရေတွေကို စစ်ဆေးတယ်။ အကုန်လုံး ကလေးတွေကိုရော ကျန်းမာရေးစောင့်ရှောက်မှု ပေးတယ်။ အသေအပျောက်တော့ မရှိဘူးဗျ။ တော်တော် ကံကောင်းတယ်ဗျ။”
အဲဒီ ပြင်စလူမြို့နယ်ဟာ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းတုန်းက လူအသေအပျောက်နဲ့ အိုးအိမ်အဆောက်အဦ အပျက်အစီး များခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။