ဖူးခက်လေဆိပ်တွင် ခရီးသည်ပစ္စည်းခိုးယူသည့် ဝန်ထမ်း ၃ ဦးအား ဖမ်းဆီး

ဓာတ်ပုံ - sanook
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခက်လေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲက ပစ္စည်းတွေ ခိုးယူတဲ့ ဝန်ထမ်း ၃ ဦးကို လေဆိပ်လုံခြုံရေး တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ကြောင်း sanook.com သတင်းမှာ ဖော်ပြပါတယ်။ ဖူးခက်ကိုရောက်လာတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တချို့ဟာ လေယာဉ်ဝမ်းဗိုက်အောက်ကနေ ထည့်လာတဲ့ ခရီးဆောင်အိတ်ထဲက ပစ္စည်းပျောက်ရှမှုရှိကြောင်း အကြောင်းကြားလာတဲ့အတွက် လေဆိပ် ပစ္စည်းအတင်အချနေရာက စီစီတီဗွီကင်မရာတွေကို ပြန်လည်စစ်ဆေးပြီး မသင်္ကာဖွယ် ဝန်ထမ်း ၃ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်တာလို့ လေဆိပ်တာဝန်ရှိသူ နိုင်းဖစ်ခ်ျ ခန်ကျလွန်းက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီဝန်ထမ်း ၃ ဦးမှာ ပုဂ္ဂလိကပိုင်ကုမ္ပဏီကနေ ငှါးရမ်းထားတာဖြစ်ပြီး စီစီတီဗွီကင်မရာထဲမှာ ပစ္စည်းပျောက်တယ်လို့ ပြောတဲ့ လေယာဉ်ဆိုက်ရောက်တိုင်း သူတို့ ၃ ဦးရဲ့ ဂျူတီချိန်ဖြစ်နေတာ တွေ့ရကြောင်း၊ သူတို့အလုပ်လုပ်တဲ့ စားပွဲမှာ သွားစစ်ကြည့်ရာ ပျောက်ဆုံးပစ္စည်းမရှိဘဲ မူးယစ်ဆေးဝါးအနည်းငယ် တွေ့ကြောင်း၊ တာဝန်ရှိသူတွေက သူတို့အိမ်ခန်းထိ လိုက်လံစစ်ဆေးရာမှာတော့ စက္ကူဖာထဲ ထည့်ထားတဲ့ ခိုးရာပါပစ္စည်းမျိုးစုံ တွေ့ရတာလို့ ဆိုပါတယ်။ အဲဒီပစ္စည်းတွေမှာ လက်ကိုင်ဖုန်း၊ နာရီ၊ မျက်မှန်၊ ပိုက်ဆံအိတ်တွေ အပါအဝင် တခြားတန်ဖိုးရှိပစ္စည်း စုစုပေါင်း ၁၀၀ ကျော် တွေ့ရှိရကြောင်း၊ သူတို့ဟာ လစာနည်းလို့ စားဝတ်နေရေး မလုံလောက်တဲ့အပြင် မူးယစ်ဆေးသုံးဖို့ ငွေလိုတဲ့အတွက် ခုလိုလုပ်ရတာဖြစ်ပြီး ဒီလိုလုပ်နေတာ တနှစ်ကျော်ပြီလို့ ဝန်ခံသွားပါတယ်။ အဲဒီဝန်ထမ်း ၃ ဦးကို ဖူးခက်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ပစ္စည်းခိုးမှုတွေနဲ့ အမှုဖွင့်ထားပြီး ဥပဒေအတိုင်း ဆက်လက်အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up