သင်္ဘောတိုက်မှုအန္တရာယ် တောင်ကိုရီးယားကုမ္ပဏီသင်တန်းပေး၊ မြန်မာ ၁၉ ဦး တက်ရောက်




1.1K
ပင်လယ်သမုဒ္ဒရာအတွင်း သင်္ဘောတိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့အတွက် တောင်ကိုရီးယား KLC သင်္ဘောကုမ္ပဏီမှ သင်္ဘောသားတွေကို အဆက်မပြတ် သင်တန်းပေးနေပါတယ်။
“သင်္ဘော မောင်းနှင်တဲ့အခါ တစီးနဲ့တစီး ရှောင်တိမ်းမောင်းရတဲ့ ဥပဒေတွေ ရှိပေမယ့် သင်္ဘောတွေ တိုက်နေကြတာကို တွေ့နေရတယ်။ ညအခါနဲ့ ရာသီဥတု မကောင်းတဲ့အချိန် တခြားသင်္ဘောတွေကို မမြင်ကြရလည်း အချက်ပြမီးတွေ၊ ရေဒါတွေကနေတဆင့် ကြည့်ပြီး စကားပြောစက်ကနေ လှမ်းဆက်သွယ် ရှောင်တိမ်းမောင်းနှင်လို့ရအောင် နိုင်ငံတကာ သင်္ဘော ဥပဒေတွေ ထုတ်ထားပြီသား ဖြစ်ပါတယ်” လို့ တောင်ကိုရီးယား KLC ကုမ္ပဏီမှ ကပ္ပတိန် ချွိုင်ဒုတ်ဂျင်း (Choi Deok jin) က တောင်ကိုရီးယား ကွမ်ရမ်းဆိပ်ကမ်းမှာ မနေ့က ကျင်းပတဲ့ သင်တန်းမှာ ပြောကြားခဲ့ပါတယ်။
သင်္ဘောရဲ့ အချက်ပြ မီးတွေကို ၃ မိုင်ကနေ ၆ မိုင်အထိကို အကောင်းဆုံးမြင်ရပြီး ရာသီဥတုကောင်းချိန်မှာဆို ၁၅ မိုင်အထိ မြင်ရပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ သင်တန်းကို မြန်မာသင်္ဘောသား ၁၉ ဦး တက်ရောက်ခဲ့ကြပါတယ်။ တောင်ကိုရီးယား KLC ကုမ္ပဏီမှာ သင်္ဘောအစီး ၄၀ လောက်ရှိပြီး မြန်မာသင်္ဘောသား အယောက် ၄၀၀ ကျော် အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
သင်္ဘောသား တတိယအရာရှိ ကိုဝေယံကိုကိုက “သင်္ဘောတိုက်ကြတာကတော့ အဓိက သင်္ဘောမောင်း တာဝန်ကျတဲ့အရာရှိက ဂရုမစိုက် လုပ်တာဗျ။ သင်္ဘောမှာ ဘရိတ် မပါတာ မှန်တယ်။ ဒါပေမယ့် ရာသီဥတု ဘယ်လောက်ဆိုးဆိုးဗျာ၊ အရင်ခေတ်လို အချက်ပြမီး ကြည့်မောင်းနေရတာ မဟုတ်ဘူး။ ရေဒါတွေ စကားပြောစက်တွေနဲ့ အကုန်ဆက်သွယ်ပြီး ရှောင်တိမ်းလို့ ရပါတယ်။ တိုက်တဲ့ သင်္ဘောတွေက စက်ချို့ယွင်းချက်က ၅ ရာခိုင်နှုန်း မပြည့်ပါဘူး။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းက သင်္ဘောအရာရှိ အိပ်ပျော်နေတာတို့၊ ဂရုမစိုက် မောင်းချင်သလို မောင်းနေကြတဲ့ အရာရှိတွေကြောင့် အပြစ်မရှိတဲ့ သင်္ဘောသားတွေ သေဆုံးနေကြရတာပါ” လို့ ပြောပါတယ်။
၂၀၁၇ ဒီဇင်ဘာလအတွင်း တောင်နဲ့ အရှေ့တရုတ်ပင်လယ်မှာ သင်္ဘောနှစ်ခါ တိုက်မိခဲ့ပြီး အခုနှစ် ၂၀၁၈ ဇန်နဝါရီ ၆ ရက်နေ့ကလည်း ဟောင်ကောင် ကုန်တင်သင်္ဘောနဲ့ အီရန် ရေနံတင် သင်္ဘောတို့ တိုက်မိကြရာ ရေနံတင်သင်္ဘောမှ သင်္ဘောသားအားလုံး အသက်ဆုံးရှုံခဲ့ရပါတယ်။
ဒါ့အပြင် နစ်မြုပ်သွားတဲ့ သင်္ဘောကြီးမှလည်း ပင်လယ်ပြင်အတွင်း ရေနံနဲ့ဓာတုဗေဒ ယိုစိမ့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
သတင်း - သူရိန်လင်း