ကချင်တိုက်ပွဲကြောင့် ရွာသားများ ဒုက္ခရောက်
DVB
·
May 4, 2012
ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲမှာ အခြေပြုတဲ့ အစိုးရပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ကို ကေအိုင်အေက ဝင်ရောက်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ရာနဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးခဲ့ကြပါတယ်။
ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က ပန်ဝါမြို့နယ်ခွဲ လုပီ ကျေးရွာနားမှာ အခြေပြုတဲ့ ပြည်သူစစ်တပ်ဖွဲ့နဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ် ဌာနချုပ်ကို ဝင်ရောက်စီးနင်းတဲ့ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ရွာသားတွေ ထွက်ပြေးပြီး နီးစပ်ရာ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ မြို့ခံခရစ်ယာန် သင်းအုပ်ဆရာတော်တပါးက ပြောပါတယ်။
စစ်ပြေးဒုက္ခသည်တွေဟာ ထောက်ပံ့မှု အကူအညီမရတဲ့အတွက် စားသောက်နေထိုင်ရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဟာ ဧပြီလ ၂၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုထိ စစ်တပ်က ရှင်းလင်းရေးတွေ လုပ်နေတဲ့အတွက် သေနတ်သံတွေ ကြိုကြား ကြိုကြား ထွက်ပေါ်နေဆဲပဲလို့ သင်းအုပ်ဆရာက ပြောပါတယ်။
စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ လူသူလက်နက်နဲ့ ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့သလို စစ်ရေး အကူအညီ ပေးခဲ့တယ်လို့ ပြောပါတယ်။
ပန်ဝါမြို့ပေါ်မှာလည်း ည ၉ နာရီ နောက်ပိုင်း ထွက်ခွင့်မပြုသလို တပ်မတော်က ဆက်လက် ရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့အတွက် လာရောက် ခိုလှုံနေသူတွေကိုလည်း နေရပ်ပြန်ခွင့် မပြုဘူးလို့ ဆိုပါတယ်။
အစိုးရသတင်းစာ အဆိုအရ တိုက်ပွဲကြီးငယ် ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ကချင်လက်နက်ကိုင် တပ်ဖွဲ့များ အကျအရှုံး များပြားခဲ့သလို အလောင်း ၂၉ လောင်းနဲ့ တပ်ဖွဲ့ဝင် တဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ရေးသားပါတယ်။ ကေအိုင်အေက စစ်ဆင်ရေးအတွက် ဒေသခံတိုင်းရင်းသား ၃၄၅ ဦးကို ခေါ်ဆောင်အသုံးပြုတယ်လို့ ရေးပါတယ်။
သီးခြား သတင်းတပုဒ်မှာလည်း ကချင်ပြည်နယ်အတွင်းက တံတား ၃ စင်းကို ကေအိုင်အေက မိုင်းထောင် ဖျက်ဆီးတယ်လို့ ပြောပါတယ်။