DVB Logo
Home
မြန်မာသတင်း
အမျိုး​သမီး​များ​အတွက် ဆိုး​ရွား​သည့်​နိုင်ငံများ​ထဲတွင် မြန်မာပါဝင်
DVB
·
May 4, 2012
အမျိုး​သမီး​များ​အတွက် ဆိုး​ရွား​သည့်​နိုင်ငံများ​ထဲတွင် မြန်မာပါဝင်
Donate to DVB

အမျိုး​သမီး​တ​ယောက်အတွက် ဆိုး​ရွား​တဲ့​ ​နေရာ​တွေထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့​ ကမ္ဘာ့​နိုင်ငံ​တွေရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​နဲ့​မူဝါဒ​ရေး​ရာ​တွေကို အသား​ပေး​ဖော်ပြတဲ့​ အ​မေရိကန်ထုတ် Foreign Policy မဂ္ဂဇင်း​မှာ ​ဖော်ပြထား​ပါတယ်။

တက္ကဆက် A&M တက္ကသိုလ်က ပါ​မောက္ခ ဗလာရီ ဟတ်ဒ်ဆန်က ကမ္ဘာ့​နိုင်ငံအသီး​သီး​ရဲ့​ အမျိုး​သမီး​တွေနဲ့​ ပတ်သက်တဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လူမှု​ရေး​ အ​ခြေအ​နေ​တွေကို ​လေ့​လာတင်ပြထား​တဲ့​ သု​တေသန​မြေပုံမှာ ခုလို ​ဖော်ပြထား​တာပါ။

ကျား​-မ ပညာ​ရေး​ကွာဟမှုနဲ့​ ပတ်သက်ပြီး​ ​ဖော်ပြရာမှာ မြန်မာနိုင်ငံရဲ့​ အလယ်တန်း​ အဆင့်​ ​ကျောင်း​တက်နှုန်း​ဟာ ​ယောကျာ်း​လေး​နဲ့​ မိန်း​က​လေး​ ကွာဟချက် ၂၀ ရာခိုင်နှုန်း​ကျော် ရှိ​နေတယ်လို့​ ဆိုပါတယ်။ သူ့​ရဲ့​ သတ်မှတ်ချက်အရ ဒါဟာ အဆိုး​ဆုံး​အဆင့်​ဝင် နိုင်ငံဖြစ်ပြီး​ ဒီသတ်မှတ်ချက်မှာ အမျိုး​သမီး​တွေကို ပညာသင်ကြား​ ခွင့်​ ကန့်​သတ်ထား​မှုကိုလည်း​ ထည့်​သွင်း​ တွက်ချက်ထား​ပါတယ်။

မိသား​စုတွင်း​ ဓ​လေ့​ထုံး​တမ်း​အစဉ်အလာနဲ့​ ပတ်သက်လို့​ ​ဖော်ပြရာမှာ​တော့​ လက်ထပ်ထိမ်း​မြား​မှု၊​ ကွာရှင်း​မှု၊​ အ​မွေဆက်ခံမှုနဲ့​ လင်ပြိုင် မယား​ပြိုင်ထား​မှု ဥပ​ဒေသ​တွေမှာ ကျား​မ တန်း​တူညီမျှမှု မရှိတဲ့​ နိုင်ငံအဖြစ် သတ်မှတ်ပါတယ်။

ဒါ့​ပြင် အမျိုး​သမီး​တွေအတွက် ရုပ်ပိုင်း​ဆိုင်ရာလုံခြုံမှု မရှိဆုံး​နိုင်ငံ တနိုင်ငံ အဖြစ်လည်း​ မြန်မာကို သတ်မှတ်ထား​ပါပြီး​ အမျိုး​သမီး​တွေအတွက် ရုပ်ပိုင်း​ဆိုင်ရာ ကိုယ်ထိလက် ​ရောက်ကျူး​လွန်မှု​တွေထဲမှာ လူသတ်မှု၊​ အဓမ္မမှုနဲ့​ အိမ်တွင်း​ အကြမ်း​ဖက်မှု စတာ​တွေ ပါဝင်ပါတယ်။

နောက်တခါ က​လေး​မွေး​ဖွား​ရာမှာလည်း​ မိခင်အ​သေအ​ပျောက် အများ​ဆုံး​ နိုင်ငံအဖြစ် သတ်မှတ်ထား​ပြီး​ က​လေး​ငယ် ၁သိန်း​ ​မွေး​ဖွား​ရာမှာ မိခင်​သေဆုံး​မှု အ​ရေအတွက် ၃၀၀ ​ကျော် ရှိတဲ့​နိုင်ငံ​တွေစာရင်း​မှာ ထည့်​သွင်း​ထား​ပါတယ်။

မိသား​စုထဲမှာ သား​ ​ယောကျာ်း​လေး​ကို သမီး​ မိန်း​က​လေး​ထက် ပိုပြီး​ တန်ဖိုး​ထား​မှုရှိတဲ့​နိုင်ငံ အမျိုး​သမီး​တွေကို လူကုန်ကူး​တာ​တွေ သာမန် ဖြစ်ရိုး​ဖြစ်စဉ်သဖွယ်ရှိ​နေတဲ့​ နိုင်ငံအဖြစ်လည်း​ မြန်မာကို သတ်မှတ် ​ဖော်ပြထား​ပါတယ်။

လူမှု​ရေး​လုပ်ငန်း​တွေ ​ဆောင်ရွက်​နေတဲ့​ စာ​ရေး​ဆရာမ သန်း​မြင့်​အောင် က​တော့​ မြန်မာနိုင်ငံမှာ အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ရပိုင်ခွင့်​တွေမှာ လိုအပ်ချက်​တွေ ရှိ​နေ​ပေမယ့်​ မြန်မာအမျိုး​သမီး​ဖြစ်ရတာ ဂုဏ်ယူတယ်လို့​ပြောပါတယ်။

“အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ပတ်သက်လို့​တော့​ လိုတဲ့​နေရာ​တွေ​တော့​ ရှိ​ကောင်း​ ရှိနိုင်တယ်။ နိုင်ငံခြား​သား​နဲ့​ ရန်ဖြစ်တဲ့​အခါမှာ ကိုယ်ထိလက်​ရောက် ​စော်ကား​ခံရတာတို့​ ဘာတို့​လေ။ အဲဒါ​တွေက​တော့​ ကျမတို့​ အမျိုး​သမီး​နဲ့​ ပတ်သက်တဲ့​ ဥပ​ဒေ​တွေ ထပ်ပြီး​တော့​ ပြဌာန်း​ဖို့​လိုလိမ့်​မယ် ထင်တယ်​ပေါ့​။ မြန်မာအမျိုး​သမီး​တ​ယောက် ဖြစ်ရတာကို​တော့​ ကျမ ဂုဏ်ယူတယ်။ ကျမ ​ကျေလည်း​ ​ကျေနပ်တယ်။ အမျိုး​သမီး​မို့​လို့​ နှိမ့်​ချခံတာ​တော့​ ကျမ လူမှုအဖွဲ့​အစည်း​ အသိုင်း​အဝိုင်း​မှာ မရှိဘူး​။ အရင်တုန်း​က အစိုး​ရလက်ထက်မှာပဲ အမျိုး​သမီး​ရယ် အမျိုး​သား​ရယ် မဟုတ်ဘူး​။ ပထမ​တော့​ အမျိုး​သမီး​ဆို​တော့​ ပိုခံရတာ​ပေါ့​နော်။ ပရဟိတလုပ်ငန်း​ လုပ်တဲ့​နေရာမှာ အရာရာမှာ သံသယနဲ့​ ကြည့်​တာတို့​ ပြီး​တဲ့​အခါကျ​တော့​ နည်း​နည်း​ဟန့်​တား​ချင်တာတို့​၊​ ​နှောင့်​ယှက်ချင်တာတို့​ အဲဒါ​တွေ ကြုံ​တွေ့​ခဲ့​ရတာ​ပေါ့​ ကျမအ​နေနဲ့​။ အခုအချိန်မှာ​တော့​ အား​လုံး​ အဆင်​ပြေ​နေပါတယ်။”

Foreign Policy မဂ္ဂဇင်း​မှာ​တော့​ လူမှု​ရေး​ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ကိစ္စအပြင် အစိုး​ရအဖွဲ့​အတွင်း​ အမျိုး​သမီး​တွေကို ဝန်ကြီး​အဆင့်​ ​နေရာ​ပေး​မှုနဲ့​ လွှတ်​တော်မှာ အမျိုး​သမီး​ ဥပ​ဒေပြုအမတ်​တွေ ပါဝင်မှုရာခိုင်နှုန်း​ဟာလည်း​ မြန်မာနိုင်ငံမှာ အနည်း​ဆုံး​နိုင်ငံ တနိုင်ငံဖြစ်​နေတယ်လို့​ ​ဖော်ပြထား​တယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က မရမ်း​ကုန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ​ဒေါက်တာ ​ဒေါ်​မေဝင်း​မြင့်​က​တော့​ အနာဂတ်မြန်မာ့​နိုင်ငံ​ရေး​မှာ အမျိုး​သမီး​တွေ ပိုမိုပါဝင်ခွင့်​ ရလာနိုင်စရာ အ​ကြောင်း​ရှိတယ်လို့​ ​ပြောပါတယ်။

“အန်တီတို့​ရဲ့​ အဖွဲ့​ခေါင်း​ဆောင်ကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ဖြစ်တယ်။ အင်မတန် အရည်အချင်း​ရှိတဲ့​ ပုဂ္ဂိုလ်တ​ယောက်၊​ နိုင်ငံ့​ခေါင်း​ဆောင် ဖြစ်တဲ့​အတွက် လွှတ်​တော်ထဲမှာ ပါဝင်လာတဲ့​အတွက် အမျိုး​သမီး​အ​နေနဲ့​ အခွင့်​အ​ရေး​ ပိုပြီး​ရလာနိုင်ပါတယ်။ ဒါက ​ဒေါ်စုကို​ပြောတာ​ပေါ့​။ ကျန်တဲ့​ အမျိုး​သမီး​တွေအ​နေနဲ့​ လွှတ်​တော်ထဲမှာ ပိုပြီး​ ​နေရာရရှိဖို့​က​တော့​ ကိုယ့်​ရဲ့​ ကိုယ်ပိုင်အရည်အချင်း​နဲ့​လည်း​ အများ​ကြီး​ သက်ဆိုင် ဆက်နွယ်ပါတယ်။ အမျိုး​သမီး​တ​ယောက်ဖြစ်ရုံနဲ့​ အမျိုး​သမီး​အခွင့်​အ​ရေး​ တရပ်အ​နေနဲ့​ ရရှိလာစရာ အ​ကြောင်း​မရှိပါဘူး​။ အမျိုး​သမီး​တွေက ကြိုး​စား​ရင်ကြိုး​စား​သ​လောက် တချို့​အပိုင်း​တွေ ​ရောက်နိုင်တာ ရှိပါတယ်။ အမျိုး​သမီး​မို့​လို့​ အုပ်ချုပ်​ရေး​ပိုင်း​မှာ မပါရဘူး​ဆိုတာမရှိဘူး​။ မဲမ​ပေး​ရဘူး​ဆိုတာ မရှိပါဘူး​။ အခုဆိုရင် ဝန်ကြီး​ဌာန​တွေမှာလည်း​ အမျိုး​သမီး​တွေ အရည်အချင်း​ ရှိရင် ရှိသ​လောက် ပါဝင်ခွင့်​ရှိပါတယ်။

ဒါ​ကြောင့်​ အန်တီတို့​က ဆိုး​ဝါး​တယ်ဆိုတဲ့​နိုင်ငံမျိုး​မှာ အန်တီတို့​ မြန်မာနိုင်ငံက အမျိုး​သမီး​တွေ မပါဘူး​လို့​ ယုံကြည်ပါတယ်။”

ဒါ​ပေမယ့်​ မြန်မာနိုင်ငံမှာ အမျိုး​သမီး​တွေ အစိုး​ရအဖွဲ့​ရဲ့​ အမြင့်​ဆုံး​ရာထူး​ဖြစ်တဲ့​ သမ္မတ အဆင့်​ထိ ရာထူး​ရဖို့​က​တော့​ အကန့်​အသတ်​တွေ ရှိ​နေဆဲပါ။

အထူး​သဖြင့်​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ ၁၃ ပါ သမ္မတ တ​ယောက်ရှိရမယ့်​ အရည်အချင်း​ သတ်မှတ်ချက်​တွေထဲမှာ စစ်​ရေး​အမြင်ရှိရမည် ဆိုတဲ့​အချက် ထည့်​သွင်း​ထား​တာဟာ အမျိုး​သမီး​တွေကို သမ္မတ တာဝန် မထမ်း​ဆောင်နိုင်​အောင် တား​ဆီး​ထား​တာလို့​ အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ​ထောက်ပြ ​ဝေဖန်​လေ့​ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013