ပြည်ထောင်စုဝန်ကြီး အင်တာဗျူး ဆက်ဖော်ပြမည်
DVB
·
May 3, 2012
Hot News ဂျာနယ်မှာ ဖော်ပြခဲ့အပြီး လွှတ်တော်မှာ တောင်းပန်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နဲ့ မေးမြန်းချက် ကျန်ရှိတဲ့အပိုင်းတွေကို အပတ်စဉ်ဆက်လက်ဖော်ပြမယ်လို့ အယ်ဒီတာချုပ် မမ က ပြောပါတယ်။
Hot news ဂျာနယ်အယ်ဒီတာချုပ်မမကိုယ်တိုင် နေပြည်တော်မှာ ဝန်ကြီးဦးမြင့်လှိုင်ကို မြန်မာလယ်ယာမြေနဲ့ ပတ်သတ်လို့ မေးမြန်းခဲ့တဲ့ ပထမပိုင်းမှာ ဝန်ကြီးက လွှတ်တော်နဲ့ လွှတ်တော်အမတ်တွေကို ပုတ်ခတ်ပြောဆိုတဲ့စကာအပေါ် တောင်းပန်ခိုင်းလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တောင်းပန်ခဲ့ရပါသေးတယ်။
ဒီကိစ္စပွက်လောရိုက်ပြီးတဲ့နောက် ဂျာနယ်ကို အင်တာဗျူး ဆက်မထည့်ဖို့ လယ်ဆည်ဝန်ကြီးဌာနရဲ့ ညွှန်ချုပ် ဗိုလ်မှူးကြီးကျော်ဆွေက စာပေးပို့တားမြစ် ရပ်နားခိုင်းလို့ ရပ်ခဲ့တာဖြစ်ပြီး အခုတော့ ဆက်လက်ဖော်ပြဖို့ ဆုံးဖြတ်လိုက်ပြီလို့ အယ်ဒီတာချုပ် မမက ဒီဗွီဘီကို ပြောပါတယ်။
“ကျမရုံးကို တဂွမ်ဂွမ် ဖုန်းတွေက လာနေတယ်။ ဒီဟာကို ဆက်ဖတ်ချင်လို့ စာဖတ်ပရိသတ်တွေက။ အဲဒီလို ဖြစ်နေတော့ ကျမက စာနယ်ဇင်းသမား၊ စာဖတ်ပရိသတ်တွေရဲ့ တောင်းဆိုချက်ကို ကျမစဉ်းစားရမယ် ထည့်သွင်းပြီးတော့ပေါ့။ ဒါကို ကျမ စဉ်းစားတာပါ။ ဒါပေမယ့် အော် သူလည်း ဘယ်လိုဖြေရှင်းမလဲ၊ သူဒုက္ခရောက် စိတ်ပူနေတဲ့ အချိန်မှာတော့ ငါ စဉ်းစား လုပ်သင့်တယ်ဆိုပြီး ကျမ ခေတ္တရပ်ဆိုင်းခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကျမ သူ့ဘက်က သဘောထား၊ အဲဒီလို မောက်မောက်မာမာ ကျမကို ဘာဖြစ်လို့ ဒီလောက်တောင် ဖော်ပြချင်တာလဲဆိုတဲ့ အကြောင်းပြချက်ကို အခုချက်ချင်း အကြောင်းပြန်ပါဆိုပြီးတော့ သူ့ရဲ့ ညွှန်ချုပ် ဗိုလ်မှူးကြီးကျော်ဆွေ လက်မှတ်ထိုးပြီး ကျမတို့ကို fax နဲ့ ထိုးပေးပါတယ်။ အခု ကျမ စဉ်းစားတယ် ကျမ ထပ်ထည့်မှာပါ။”
ဝန်ကြီးက လွှတ်တော်မှာ တောင်းပန်စဉ်က လူချင်းရင်းနှီးမှုနဲ့ ပြောဆိုတဲ့အပေါ် ဂျာနယ်က ကျင့်ဝတ်မစောင့်ထိန်းဘဲ မမှန်မကန်ထည့်သွင်းရေးထားတယ်လို့ ပြောဆိုချက်ပါရှိပါတယ်။
ဒီအပေါ် ဒီနေ့ထုတ် hot news ဂျာနယ်မှာ ဝန်ကြီးပြောဆိုချက်ဟာ တာဝန်ယူမှုမရှိဘူးလို့ ပြစ်တင်ဝေဖန်ထားပြီး Hot news ဂျာနယ်အယ်ဒီတာချုပ် မမ က ဆက်ပြီးတော့ လိုအပ်လာရင် တည်ဆဲဥပဒေနဲ့ ဆောက်ရွက်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဝန်ကြီးပြောကြားခဲ့သည့်အတိုင်းတဲ့ ဂျာနယ်တွင် မဖော်ပြကြောင်းကိုတဲ့ သူက ပြန်ရှင်းထားတယ်။ အမှန်က သူပြောတဲ့စကား အတိအကျအတိုင်းပဲ ကျမရှင်းတာ။ အသံဖိုင် ၏-သည် မရွေး အကုန် ဂျာနယ်စာမျက်နှာပေါ်က သူပြောတဲ့ အတိုင်းပဲ။ အဲဒါကြောင့် ဂျာနယ်နဲ့ ကျမရဲ့ ဂုဏ်သိက္ခာအပေါ်မှာ ပြည်သူလူထု ယုံကြည်ကိုးစားမှု ပျက်ပြားနိုင်တယ် ဆိုပြီးတော့ ကျမဒီဟာကို အဲဒီအတွက်ပေါ့နော် ကျမ သည်းခံမှာ မဟုတ်ဘူးဆိုပြီးတော့ ကျမပြောထားတယ်။ သတင်းအမှန်နဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ ကျမလည်း ကျမရဲ့ သတင်းဂျာနယ်ရယ်ပေါ့နော် ဂုဏ်သိက္ခာနဲ့ ကျမ ကလောင် ထိခိုက်နစ်နာစေတဲ့ မဟုတ်မမှန်တဲ့ အပြောအဆို၊ အပြုအမူ၊ အကြောင်းအရင်း တွေကို ဆက်လက် ပြီးတော့ပေါ့နော် ရှာဖွေတွေ့ရှိပါက တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ပါမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါသည်လို့ ကျမ ထုတ်ပြန်ကြေညာချက် အဲဒါကို ဂျာနယ်အယ်ဒီတာချုပ် မမ၏ထုတ်ပြန်ကြေညာချက် ဆိုပြီးတော့ ကျမ တရားဝင်ထုတ်ပြန်ချက် ထုတ်ထားပါတယ်။”
အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ ဟာ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းရဲ့ သမီးလည်းဖြစ်ပြီးတော့ Face မဂ္ဂဇင်းနဲ့ ပေဖူးလွှာမဂ္ဂဇင်းတို့ကိုလည်း ထုတ်ဝယ်ဝေသူလည်းဖြစ်ပါတယ်။