DVB Logo
Home
မြန်မာသတင်း
မဲဆောက်သိုးမွေးစက်ရုံက မြန်မာအလုပ်သမားများ နေ့စားခတိုးမြှင့်ရရှိရေး ဆန္ဒပြ
DVB
·
May 3, 2012
Donate to DVB

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သိုးမွေးစက်ရုံတခုက မြန်မာအလုပ်သမားတွေ နေ့စားခတိုးမြှင့်ရရှိရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။

မဲဆောက်မြို့ ချန်ပီယံသိုးမွေးစက်ရုံက မြန်မာအလုပ်သမား ၄၀၀ ခန့်ဟာ နေ့စားခတိုးရဖို့ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြတာဖြစ်ပြီး ညနေစောင်းထိ မပြေလည်သေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်း အလုပ်သမားဝန်ကြီးဌာနက ဒီနှစ် ဧပြီ ၁ ရက်နေ့ထုတ် ကြေညာချက်မှာ ထိုင်းနိုင်ငံက ခရိုင်အသီးသီးကို အနိမ့်ဆုံးလုပ်အားခ တိုးပေးခဲ့ပါတယ်။ အဲဒီမှာ ဘန်ကောက်၊ ဖူးကက် စတဲ့နေရာတွေမှာ တရက်လုပ်ခ ဘတ် ၃၀၀၊ ချင်းမိုင်နဲ့ ရပ်ခ်ျဘူရီမှာ ၂၅၁ ဘတ်နှုန်းနဲ့ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်မှာ ၂၂၆ ဘတ် သတ်မှတ်ထားတာပါ။

ဒါပေမယ့် မဲဆောက်မြို့ အလုပ်ရုံတွေက ညှိပြီး ၂၂၆ ဘတ်မပေးဘဲ ၁၅၅ ဘတ် ပေးဖို့ သဘောတူထားပေမယ့် မပေးလို့ ဆန္ဒပြတာပါလို့ ဆန္ဒပြပွဲဦးဆောင်သူ မြန်မာ အလုပ်သမားတဦးက ပြောပါတယ်။

“၄ လပိုင်းကလောက်ကတည်းက တောင်းနေတာ သူတို့က ရက်ဆွဲထားရင်းနဲ့ ၁၀ ရက်နေ့ ပြောမယ်ပြောတယ်။ လောလောဆယ် ၂ ရက်နေ့ညက သွားတောင်းတော့လည်း ၇ ရက်လောက် စောင့်ခိုင်းတယ်။ မစောင့်နိုင်တော့ဘူးလေ၊ ရန်မကင်းစက်ရုံမှာပေးတဲ့ ဈေးအတိုင်း ကျနော်တို့ကို ပေးနိုင်လား။ မနက် ၈ နာရီကနေ ညနေ ၅ နာရီကို ၁၅၅ ဘတ်။ အလုပ်ခွင်နေ့ခက ၂၀ ဘတ်။ ၁၇၅ဘတ်။ အချိန်ပိုကြေးက တနာရီ ၃၀ အဲဒါတွေကိုတောင်းတယ်။ သူတို့က ဆုံးဖြတ်ချက် မချသေးဘူး။ နောက် ၇ ရက်သတ်မှတ်ပေးပေါ့။ ၇ ရက်တောင် မစောင့်နိုင်တော့ဘူး။”

အဲဒီစက်ရုံမှာ ဆရာအဆင့်ရှိသူတွေဟာ ၁ လကို ဘတ် ၄,၀၀၀ ခန့်ရပြီး နေ့စားသမားတွေဟာ တရက်ကို ၈၀ ကျော်နဲ့ လုပ်နေရတာတွေ ရှိပါတယ်။ စက်ရုံက နေစရာ၊ ရေနဲ့ ထမင်းပေးပြီး ဟင်းက ၀ယ်စားရတယ်လို့ ဆိုပါတယ်။

လုပ်သက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ နေ့စားအလုပ်သမတဦးက အလုပ်ရှင်ဘက်က မလိုက်လျောသေးဘဲ ရေဖြတ်လိုက်တာကြောင့် အခက်ကြုံနေတယ်လို့ ပြောပါတယ်။

“အဒေါ်တို့က အလုပ်ဆင်းလို့ရတဲ့ငွေက တအားနည်းတဲ့အတွက် သူဌေးဆီမှာ တောင်းဆိုတာ သူဌေးက မပေးနိုင်ဘူးတဲ့။ သူဌေးက မပေးနိုင်တာကို အဒေါ်တို့က ဆန္ဒပြတာရယ်လို့တော့ မဟုတ်ပါဘူး အားလုံး ညီညီညွတ်ညွတ်ဖြစ်အောင်ပေါ့။ အခုဆို စက်ရုံမှာတော်တော် ဒုက္ခရောက်နေတယ်၊ သောက်ရေသုံးရေ ချိုးရေကအစပေါ့ တော်တော်ဒုက္ခရောက်နေယ်။ အခုတောင်းဆိုထားတဲ့ ကိစ္စလေးတွေလည်း သူဌေးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ပြေလည်မယ်လို့ထင်ပေမယ့် သူဌေးက လုံးဝ လက်မခံပါဘူး။”

ဒီနေ့ခင်းမှာ အလုပ်သမားတွေထဲက ဦးဆောင်သူတချို့ကို အလုပ်ရှင်ဘက်က တာဝန်ရှိသူတွေ ခေါ်ယူညှိနှိုင်းပေမယ့် အဆင်မပြေခဲ့လို့ သူတို့ရဲ့ လိုလားချက်တွေ အတွက် အလုပ်သမားဖျန်ဖြေရေးရုံးကို တိုင်တန်းအကူအညီ တောင်းတော့မယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက အလုပ်သမား သန်းနဲ့ချီရှိနေပြီး စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး စတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013