လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး မိုးရွာနိုင်ဟု မိုးဇလ ခန့်မှန်း
DVB
·
January 18, 2018
ဇန်နဝါရီလ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး အချိန်အခါမဟုတ် မိုးလည်း ဆက်ရွာနိုင်သေးတယ်လို့ မိုးလေဝသဌာနက ခန့်မှန်းသတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်တယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်၊ တနင်္သာရီတိုင်းမှာ ရွာသွန်းမြဲထက် ပိုနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ပြည်နယ်တိုင်းအနှံ့ မြူထူတွေ ဆိုင်းနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၈ ရက်ခန့် မြူထူများ ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ၃ ရက်ကနေ ၅ ရက်ခန့် မြူထူတွေ ဆိုင်းနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ အေးပြီးစွတ်စိုတဲ့ လာနီညာရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတဝန်းလုံးမှာ ဖေဖော်ဝါရီလကုန်အထိ အေးပြီး ခြောက်သွေ့နိုင်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန