DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပ
DVB
·
May 3, 2012
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပ
Donate to DVB

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆယ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ကြပါတယ်။

မေ ၃ ရက် ဒီနေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် စာနယ်ဇင်းအဖွဲ့တွေ စာရေးဆရာ၊ သတင်းစာဆရာတွေ စုပေါင်းပြီး အခမ်းအနားတွေ ပြုလုပ်ကျင်းပခဲ့ကြတာပါ။

ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) နဲ့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ ကမ်းနားလမ်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အစိုးရဌာနတွေကိုယ်တိုင် စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကျင်းပလာတာနဲ့ ပတ်သက်ပြီး စာရေးဆရာ သတင်းစာဆရာ မောင်ဝံသက အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“နိုင်ငံတကာမှာတော့ လုပ်နေကြတာပဲ၊ မြန်မာနိုင်ငံမှာတော့  အခုသမ္မတ ဦးသိန်းစိန် တက်လာပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဒီနေ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဆိုပြီး ကျင်းပတာလည်း ပထမဆုံးပဲ။ ယူနက်စကိုနဲ့ အစိုးရနဲ့ ပေါင်းပြီးတော့ ကျင်းပတာဆိုတော့ အစိုးရကိုယ်တိုင်က စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ သူတို့စိတ်ဝင်စားမှုရှိတယ်။ ​ဒါနဲ့ပတ်သက်ပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိတယ်ဆိုတာကို ပြတာပါပဲ။”

ဒီနေ့ ညနေပိုင်းမှာပဲ ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံ၊ သတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီက ပြုလုပ်ခဲ့ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့မှာရှိတဲ့ စာရေးဆရာ၊ သတင်းစာဆရာတွေစုပေါင်း ကျင်းပပြုလုပ်ခဲ့ကြပြီး၊ စာနယ်ဇင်းသမားတွေဟာ ပြည်သူနဲ့အတူရှိဖို့ ပြည်သူ့ဘက်ကရပ်တည်ဖို့ သဘောထားမှတ်ချက်ပေး ဟောပြော ဆွေးနွေးခဲ့ကြတယ်လို့ အခမ်းအနားစီစဉ်သူ တဦးဖြစ်တဲ့ သတင်းစာဆရာ မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ စာနယ်ဇင်းသမားတွေ မလွတ်မြောက်သေးတဲ့ ပြီးခဲ့တဲ့ နှစ် ၆၀ လောက်ကာလအတွင်းမှာ တံပိုးအောက်ကနေ ရုန်းမထွက်နိုင်သေးတဲ့ ကာလတွေမှာ အများကြီး ဖိနှိပ်ခံခဲ့ရတာရှိတယ်။ အများကြီးပဲ စာနယ်ဇင်း မလွတ်လပ်မှုတွေရှိတယ်။ အဲဒီတော့ ရှေ့လျှောက်ကို စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို ဆက်လက်ကြိုးပမ်းကြဖို့ဆိုတာမျိုး၊ မန္တလေးက စာရေးဆရာ၊ ကဗျာဆရာ၊ စာနယ်ဇင်းပေါ့။ မီဒီယာကနေအစ အားလုံးရဲ့သဘောထားကတော့ ဆရာကြီးတွေ ကိုယ်စားပြုပြောသွားတာတော့ အဲဒီလိုပဲ ကျနော်တော့နားလည်ပါတယ်။”

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ကုလအဖွဲ့ကြီးက ၁၉၉၁ ခုနှစ်က စတင်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နှစ်စဉ်ကျင်းပခဲ့ကြပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီနှစ်မှ စတင်ကျင်းပခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေတွေ စောင့်ကြည့်တဲ့ Freedom House အဖွဲ့ရဲ့ မေ ၂ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွက် အစီရင်ခံစာမှာ  မြန်ာမာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံအနက် ၂၀၁၁ ခုနှစ်က မြန်မာဟာ အဆင့် ၁၉၁ မှာရှိခဲ့ပြီး၊၂၀၁၂ ခုနှစ်မှာတော့ အဆင့် ၁၈၇ ကို တက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013