မြန်မာနယ်စပ် မကျော်ရန် ထိုင်းသတိပေး
နန်းမြနဒီ
·
May 3, 2012

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ထဲမှာ နေထိုင်သူ ပြည်သူတွေအနေနဲ့ နယ်စပ်ဖြတ်ပြီး မြန်မာဘက်ခြမ်းကို မကူးကြဖို့ ခရိုင်ဝန် နိုင်းဆူရိယ ပရဆတ်ဘန်းတစ်က သတိပေးလိုက်တယ်လို့ အမ်စီအိုတီထိုင်းသတင်းဌာနက မေ ၂ ရက်သတင်းမှာ ဖော်ပြသွားပါတယ်။
ဒီကေဘီအေအဖွဲ့က သူတို့ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ် ခေါ် နှုတ်ခမ်းမွေးကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ နာမည်ပျက်စာရင်းက မပယ်ဖျက်ပေးဘူးဆိုရင် နယ်စပ်လုံခြုံရေးတာဝန်မယူဘူးလို့ တုံ့ပြန် ခြိမ်းခြောက်လိုက်တဲ့နောက် ခရိုင်ဝန်က အခုလို သတိပေးလိုက်တာဖြစ်တယ်။
အထူးသဖြင့် ဒီကေဘီအေထိန်းချုပ်နယ်မြေတဘက်ခြမ်းမှာရှိတဲ့ ဖုတ်ဖရခရိုင် မိန်လုချိုင်း၊ မော်ကယ်ထိုင်း၊ ဝေါ်လေတောင်၊ ဝေါ်လေမြောက် စတဲ့ရွာက ပြည်သူတွေ နယ်စပ်ဖြတ် သန်းသွားလာမှုမလုပ်ဖို့ ဖုတ်ဖရမြို့နယ်မှူးဆီကိုလည်း အကြောင်းကြားထားတယ်လို့ ခရိုင်ဝန်က ထိုင်းသတင်းဌာနကို ပြောပါတယ်။
အဲဒီနယ်မြေမှာ ထိုင်းကာကွယ်ရေးဦးစီးဌာန တပ်မ ၄ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ အမ်စီအိုတီ သတင်းမှာ ပါရှိပါတယ်။
ထိုင်းတာဝန်ရှိသူတွေထံမှာ သက်သေ အထောက်အထားတွေ ရှိတာကြောင့် ထပ်မံစစ်ဆေးစရာ မလိုဘူးဆိုတဲ့ သတင်းတွေ ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒီကေဘီအေ ပြောခွင့်ရသူ စောဂုဏ်အောင်က အထောက်အထားပြသဖို့နဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်မှု ရှိမရှိကို လာရောက် စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
“သက်သေ အထောက်အထား ခိုင်လုံတယ်ဆိုရင် သူတို့ကျနော်တို့ကို ရှင်းပြရမှာပေါ့နော်။ သူတို့က သက်သေအထောက်အထား ခိုင်လုံတယ် ခိုင်လုံတယ်ပဲ ပြောနေပြီးတော့ မေးလိုက်လို့ရှိရင် ဘာမှမပြောဘူး ဖြစ်နေတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ဘယ်အပေါ်မှာ မူတည်ပြီးတော့ စွပ်စွဲနေတယ်ဆိုတာ မသိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဘာမှ မလုပ်တဲ့အပေါ်မှာ မဟုတ်ဘူး ဆိုတာကလွဲပြီး ဘာမှာပြောဖို့မရှိဘူး။ နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့တွေကနေ တရားဝင်လာရောက် စစ်ဆေးတာမျိုး၊ ကျနော်တို့ နယ်မြေကို လုပ်ပေးစေချင်တယ်”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့က ဧပြီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွေးပုံကို ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာ ၂၅ ဦးစာရင်းမှာ ဓာတ်ပုံထည့်သွင်းထားပြီး ဆုငွေ ဘတ် ၁ သန်းပေးဖို့ ကြေညာထားပါတယ်။
