ယီမင်တွင် ပဋိပက္ခကြောင့် ကလေးငယ် ၅၀၀၀ ကျော် သေဆုံးဟု ကုလပြော

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံမှာ ကလေးသူငယ် ၅၀၀၀ ကျော် သေဆုံး ဒါမှမဟုတ်  ကိုယ်လက်အင်္ဂါ ချွတ်ယွင်းခဲ့တယ်လို့ ကုလသမဂ္ဂက ပြောတယ်။ ယီမင်နိုင်ငံမှာ အီရန်မဟာမိတ် ဟူသီသူပုန်တွေနဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ညွန့်ပေါင်းတပ်ဟာ နိုင်ငံတကာ အသိမှတ်ပြု အစိုးရဖြစ်တဲ့ အဘ်ဒရာဘူမန်ဆူးဟာဒီ အာဏာရရှိရေး ကြားဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မာတီဇယ်-ရီလန်နိုက “ပဋိပက္ခတွေ အရှိန်တက်တဲ့ ၂၀၁၅ မတ်လကစပြီး ယီမင်မှာ ကလေး ၃ သန်း မွေးဖွားခဲ့ပါတယ်။ ဒါက တနေ့ကို ကလေး ၃၀၀၀ ၀န်းကျင် မွေးခဲ့တာပါ။ ကလေး ၁ ဒသမ ၆  သန်းဟာ ကျွမ်းကျင်တဲ့ သားဖွားဆရာမ အကူအညီမပါဘဲ မွေးဖွားခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကံမကောင်းစွာဘဲ ကလေး ၂၅၀၀၀ လောက်ဟာ မီးတွင်း အသက်ဆုံးရှုံးတာ၊ လသားအရွယ် သေဆုံးတာနဲ့ ကြုံခဲ့ရပါတယ်။ ကလေးအများအပြား အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး ကလေး ၁ ဒသမ ၅ သန်းဟာ အာဟာရ မပြည့်ဝမှုနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ တိုက်ရိုက်သက်ရောက်မှု ရှိတာပေါ့။ ကျမ အခါခါ ပြောခဲ့သလိုပဲ ပဋိပက္ခတွေကြောင့် ကလေးသူငယ် ၅၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းခဲ့တယ်လို့ ကုလလုံခြုံရေးတပ်ဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ယီမင်စစ်ပွဲကြောင့် လူ၁ သောင်းကျော် သေဆုံးခဲ့ပြီး  နိုင်ငံ စီးပွားရေး ကျဆင်းကာ လူ ၁ သန်းလောက် ဝမ်းရောဂါ ကူးစက်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up