DVB Logo
Home
မြန်မာသတင်း
လယ်မြေ ပြန်လုပ်ခွင့်ရရေး အိုင်အယ်လ်အိုကို တိုင်ကြား
DVB
·
May 3, 2012
လယ်မြေ ပြန်လုပ်ခွင့်ရရေး အိုင်အယ်လ်အိုကို တိုင်ကြား
1 / 2
Donate to DVB

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်းမှာ နယ်မြေခံစစ်တပ်က ရွာသားတွေရဲ့ လယ်မြေတွေကို သိမ်းပိုက်ပြီး ခြိမ်းခြောက်ခဲ့တဲ့ကိစ္စကို  တောင်သူလယ်သမားတွေက ရန်ကုန်အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရုံးကို ဒီနေ့ တိုင်ကြားလိုက်ပါတယ်။

ဒိုက်ဦးမြို့နယ်အတွင်းက ဒိုးတန်း၊ ကလိ၊ အင်းသဇင်၊ ပုဂံကွဲ၊ သရက်တော စတဲ့ ကျေးရွာ ၅ ရွာပိုင်လယ်မြေဧက ၇၀၀ ကျော်ကို ခမရ ၄၄၀ က အတင်းအဓမ္မ ၀င်ရောက်သိမ်းယူပြီး ဒီလယ်မြေမှာပြန်လုပ်ရင် ​သေနတ်နဲ့ ပစ်သတ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ် လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီ လယ်မြေဧကတွေက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရွာသားတွေက မြေလွတ်မြေရိုင်းကို ခုတ်ထွင်ရှင်းလင်းရင်း လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လပိုင်းက လယ်ယာမြေဥပဒေတွေ ပေါ်လာပြီးနောက်  ဒီလယ်မြေတွေ လယ်သမားပိုင်ဆိုင်ရေး လျှောက်ထားသလို၊ တပ်ကလည်း တပ်နယ်မြေပါဆိုပြီး လျှောက်ထားရာကနေ အခုလို လယ်သိမ်းမှု ဖြစ်လာတာလို့ ကလိရွာသား ဦးတက်စိန်က ပြောပါတယ်။

“ကျနော်တို့ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးလာခဲ့တာလည်း ၁၀ နှစ်၊ နှစ်နဲ့ချီလာခဲ့ပြီလေ။ နှစ်စဉ် ဒိုက်ဦးတမြို့နယ်လုံးမှာ ရှိတဲ့ စားကျက်တွေအားလုံးကိုလည်း သူတို့ကပဲ ဖြုတ်ပြီး သီးစားတွေယူခဲ့ကြတယ်။ ကျနော်တို့ လယ်သမားတွေကလည်း ကြောက်တော့ ပေးရတာပေါ့လေ။ အခု လယ်ယာမြေဥပဒေတွေ ထွက်လာတဲ့အချိန်ကျတော့ လက်ရှိလက်ငုတ် လုပ်ကိုင်နေသူတွေသာလျှင် ရပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ မြေယာဥပဒေထဲမှာ ကျနော်တို့ ဖတ်ရတယ်လေ။ တွေ့ရှိလိုက်ရတယ်။ ကျနော်တို့ကလည်း တကယ်လုပ်နေတဲ့အတွက် တောင်သူတွေရဲ့ စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်ခွင့်ဆိုတာကို တင်လျှောက်ထားတယ်။ သူတို့ကလည်း လျှောက်တယ်။ လယ်သမားတွေကလည်း လျှောက်တယ်။

“ဒီလို အတိုက်အဆိုင်တွေ ဖြစ်လာတဲ့အချိန်မျိုးမှာ လယ်သမားတွေက အချိန်ကျလို့ လယ်ထဲဆင်းတဲ့အခါ သူတို့က လယ်သမားတွေလယ်ထဲဆင်းတာကို ရုပ်သိမ်းခိုင်းပြီး အတင်းအဓမ္မတားပြီးတော့ အနုနည်းနဲ့ ရရင်ရ၊ မရရင် အကြမ်းနည်းနဲ့ ဆိုပြီး လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီးတော့ ပစ်မယ်ခတ်မယ်လုပ်ပြီး အကုန်လုံးကို ရပ်ခိုင်းတယ်။ သူတို့ကတော့ ဆက်ပြီးတော့ ထွန်ယက်နေတယ်။”

အဓမ္မလယ်သိမ်းခံရပြီး ခြိမ်းခြောက်ခံရတဲ့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်း ဦးစီးဌာနကို တိုင်ကြားပေမယ့် အရေးမယူဘူးလို့ ပြောပါတယ်။

ဒါကြောင့် အိုင်အယ်လ်အို ဆက်သွယ်ဆောင်ရွက်ရေး ကွန်ရက်အဖွဲ့က ဦးအေးသွင်ကို အကူအညီတောင်းပြီး ဒီနေ့ အိုင်အယ်လ်အိုရုံးကို သွားရောက် တိုင်ကြားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“လယ်သမားတွေက မိမိပျိုးထားတဲ့အကွက်ကို ဆက်ပြီး လုပ်ချင်တာကို မလုပ်ရဘူးလို့ တားမြစ်တော့ လယ်သမားတွေက လယ်မလုပ်ရရင် အလုပ်လက်မဲ့ ဖြစ်တဲ့အတွက် အိုင်အယ်လ်အိုကို အားကိုးတကြီးနဲ့ အကူအညီတောင်းခြင်း ဖြစ်ပါတယ်။”

တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ဦးအေးသွင်ကတော့ ဒါဟာ တောင်သူလယ်သမားရဲ့ အခွင့်အရေးချိုးဖောက်ရာ ရောက်တဲ့အတွက် လယ်သမားတွေ လယ်မြေ ပြန်လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“တောင်သူလယ်သမား ရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် သူတို့ရဲ့ အခွင့်အရေး ပြန်လည်ရရှိရေး ဦးတည်ပြီး အိုင်အယ်လ်အိုနဲ့ ဆက်သွယ် ဆောင်ရွက်ပေးနေတဲ့ ကျနော်တို့ကို လာရောက်ဆက်သွယ်တာပါ။ အဲဒီတော့ ကျနော်တို့က ဒါကို မီဒီယာနဲ့ ချိတ်ပေးတယ်။ သက်ဆိုင်ရာလူကြီးကို သိအောင်၊ ဌာနဆိုင်ရာ အသီးသီးကို ထိရောက်အောင် ပြောပေးနိုင်မယ့်၊ လယ်သမားဘက်က ရပ်တည်ပေးနိုင်မယ့် အဖွဲ့အစည်းတွေကို ဒါကိုတင်ပြသွားမှာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013