ကေအိုင်အိုထိန်းချုပ်နယ်မြေတွင်း အစိုးရတပ်အင်အား ရာနှင့်ချီ ထပ်မံဖြည့်တင်း
နန်းမြနဒီ
·
May 3, 2012

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေအကြား ဒီနှစ် မေလဆန်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်က အင်အား ထပ်ဖြည့်နေတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ ကေအိုင်အိုအကြား မနှစ် ဇွန်လကတည်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ မေလ ၁ ရက်နဲ့ ၂ ရက်အတွင်းမှာတင် တိုက်ပွဲအနည်းဆုံး ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်။ အများဆုံးဖြစ်ပွားတဲ့နေရာက ဌာနချုပ်အနီးမှာဖြစ်ပြီး အစိုးရက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ရာနဲ့ချီတဲ့ စစ်အင်အားတွေ တိုးချထားတယ်လို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
“သူတို့ကတော့ ၁၀ မိုင်လောက်ကနေပြီး လက်နက်ကြီးနဲ့ ပစ်ဖို့ အစီအစဉ်ပါပဲ။ ဒေါ့ဖုန်းယန်ဘက်မှာ ဆိုရင် ခြေလျင်တပ်တွေ၊ တပ်အင်အားတွေ တော်တော်မျာများ စုထားပြီးသွားပြီ။ ဗန်းမော်ဘက်လမ်းကြောင်းဘက်ကို အနည်းဆုံး အင်အား ၈၀၀၊ ၁၀၀၀လောက် ၀င်လာကြပြီ။ အဲ့မှာ အဆင့်သင့်လုပ်နေတယ် ကြားတယ်။
နောက် ၀ိုင်းမော်ဘက် လမ်းကြောင်း ရွှေညောင်ပင်၊ ဂါးဒါယန်၊ ကံသာဘက်မှာလည်း တပ်အင်အားတွေ ရာနဲ့ချီ ဖြည့်ထားတယ် ကြားတယ်။ အဓိက သူတို့ အရင်လုပ်မှာကတော့ လက်နက်ကြီးနဲ့ ပစ်မှာပါပဲ။ လက်နက်ကြီးနဲ့ ပစ်ပြီး အခြေအနေတမျိုးပြောင်းရင်တော့ ခြေလျင်တပ်တွေနဲ့ ၀င်ဖို့လုပ်နေကြတယ်။ ပန်ဝါဒေသမှာ ဖြစ်တဲ့ တိုက်ပွဲမှာတော့ လေယာဉ်သုံးတာ ၃၊ ၄ကြိမ်ရှိသွားပြီ။ လေယာဉ်ပေါ်ကနေ လက်နက်နဲ့ ပစ်ကူပေးတာမျိုး ၃၊ ၄ကြိမ်ရှိသွားပါပြီ။”
ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးနဲ့ တပ်ရင်း ၃၊ တပ်မဟာ ၄၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေပြန့်နေပြီး ဌာနချုပ်နဲ့ ဝေးတဲ့နေရာက တိုက်ပွဲသတင်းပို့ချက်တွေ အကုန်မရောက်သေးဘူးလို့ ပြောပါတယ်။
လိုင်ဇာဒုက္ခသည်စခန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ရွာသားတွေ နောက်ထပ်တရာကျော် တိုးလာပြီး မိုးတွင်းရောက်လာပြီဖြစ်တဲ့အတွက် ရွက်ဖျင်တဲနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဦးလနန်းက ဆက်ပြောပါတယ်။
လူဦးရေ ၅ ထောင်ကျော်ရှိတဲ့ ဂျေယန့်ခ ဒုက္ခသည်စခန်းမှာလည်း ဧပြီ ၂၉ ရက်နေ့ညက မိုးသက်လေပြင်း တိုက်ခတ်ခဲ့တဲ့အတွက် တဲခေါင်မိုးက မိုးကာတွေ လန်ထွက်ပျက်စီးခဲ့ပြီး လာမယ့်ပညာသင်နှစ်မှာ ဒုက္ခသည်ကလေးအားလုံး စာသင်နိုင်ဖို့နေရာတွေ ပြင်ဆင်ဆောက်လုပ်စရာတွေလည်း ရှိနေတယ်လို့ ဦးလနန်းက ပြောပါတယ်။
နှစ်ဘက်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နှစ်ဖက် ကိုယ်စားလှယ်တွေ နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့ ကေအိုင်အိုက စာပြန်ထားတယ်လို့ ပြောပါတယ်၊၊
အစိုးရဘက်က မြစ်ကြီးနား ဒါမှမဟုတ် ဗန်းမော်မှာ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တဲ့အကြောင်းနဲ့ ကေအိုင်အိုဘက်ကတော့ တိုက်ပွဲတွေ ပြင်းထန်ပြီး ယုံကြည်မှု တည်ဆောက်လို့ မရနိုင်သေးတဲ့ အခြေအနေမှာ အဆိုပါ ၂ နေရာဟာ မသင့်လျော်တာကြောင့် လိုင်ဇာနဲ့ ၄ မိုင်အကွာ လွယ်ဂျယ်မြို့နယ် ပရန်ငွန်ရွာမှာတွေ့ဆုံဖို့ ဧပြီလ ၂၉ ရက်တုန်းက ကေအိုင်အိုက စာပြန်ပို့ထားတယ်လို့ ဦးလနန်းက ပြောပါတယ်။
အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်နှစ်ဖွဲ့ ရှိတဲ့အနက် ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ တိုးတက် အောင်မြင်မှုတွေ တွေ့ရပြီး ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့ကတော့ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အကြိမ်ကြိမ် ဆွေးနွေးနေပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားပြီး အောင်မြင်မှု မရသေးဘဲ ဖြစ်နေပါတယ်။