မြောင်းမြမြို့တွင် ကျေးရွာ တဒါဇင်ခန့် သောက်သုံးရေ ပြတ်လပ်
အေးနိုင်
·
May 3, 2012
ဧရာဝတိုင်း မြောင်းမြမြို့နယ်အတွင်းက ကျေးရွာ တဒါဇင်ခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေတယ်လို့ နယ်မြေခံ ကူညီနေသူတဦးက ပြောပါတယ်။
“ကျနော်တို့ မြောင်းမြမြို့က ကျေးရွာတော်တော်များများမှာ သောက်သုံးရေ ပြတ်လပ်တဲ့ ပြဿနာ ဖြစ်နေပါတယ်။ ရွာ ၁၂ ရွာလောက် သောက်ရေ ပြတ်လပ်နေတဲ့အနက် ရေကျော်ကုန်း၊ ပျဉ်းကတိုးကုန်းတို့ သစ်ဆိမ့်ကုန်းတို့ အဲဒီရွာတွေမှာဆိုရင် ရေတအိုးရဖို့ကို တနာရီကျော်ကျော်လောက် သွားခပ်ရတယ်” လို့ မြောင်းမြ အန်အယ်လ်ဒီပါတီဝင်တဦးက ပြောပါတယ်။
ကုန်းသာကျေးရွာအုပ်စု ရေပြာစမ်းကျေးရွာ၊ သရက်တောစုကျေးရွာ၊ ဘုရားနီကျေးရွာ၊ မြေတံတားကျေးရွာ၊ ပျဉ်ပုံဝါးချောင်းကျေးရွာ၊ ရေကျော်ကုန်းရွာ၊ ငှက်ပျောတောစစ်ကုန်း၊ ရှမ်းရေကျော်၊ ရှမ်းချောင်း၊ ပျဉ်းကတိုးကုန်း၊ သစ်ဆိမ့်ကုန်း၊ ကျောက်စရစ်ကုန်း၊ ရွာတွေနဲ့ မြောင်းမြမြို့က ဂုန်နီစက်ရုံအနောက်ဘက်က ဆင်ခြေဖုံး ရပ်ကွက်တွေမှာလည်း ရေပြတ်လပ်နေပါတယ်။
မြောင်းမြမြို့ရဲ့ အမြင့်ပိုင်းမှာ ကျရောက်တဲ့ အဲဒီဒေသတွေဟာ မိုးတွင်းမှာ မိုးရေကို သောက်သုံးကြပြီး မြစ်ချောင်းရေတွေကို သောက်သုံးလို့မရ ဖြစ်ကြပါတယ်။ ရေတွင်းတွေက ပေ ၃၀ ကျော်လောက်တူးမှ ရေထွက်ပေမယ့် နွေရာသီမှာ ခမ်းခြောက်လေ့ရှိပါတယ်။ အဝီစိတွင်းတူးဖို့လည်း မတတ်နိုင်ကြတဲ့ အတွက် နွေရာသီရောက်တိုင်း ရေပြဿနာ ပေါ်နေတာ ဖြစ်ပါတယ်။