ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၀၀ ကျော်သုံးစွဲရန် လျာထားတောင်းခံ
နေဖြိုးဝင်း
·
January 17, 2018
၂၀၁၈ခုနှစ်အတွင်းကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၀၀ ကျော်သုံးဖို့ လျာထားတောင်းခံထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောပါတယ်။
ဇန်န၀ါရီ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ဧပြီကနေ စက်တင်ဘာထိ ၆ လ အမျိုးသားစီမံကိန်းဥပဒေကြမ်း စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးစိုးရယ်က အခုလို ထည့်သွင်းပြောဆိုတာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေအတွက် ကျပ် ၂၈၃၄ ဒသမ ၀၅၆ သန်းနဲ့ ကြားဖြတ်ရွေး ကောက်ပွဲအတွက် ကျပ် ၁၆၆၁ ဒသမ ၆၁၆ သန်း၊ စုစုပေါင်း သာမန်အသုံးစရိတ် ကျပ် ၄၄၉၅ ဒသမ ၆၇၂ သန်း အဆိုပြုတင်ပြထားပါတယ်လို့ ဦးစိုးရယ်က ဆိုပါတယ်။
ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၆ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒ နယ် ၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဇန်န၀ါရီ ၁၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာပြောကြားထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မယ့် လစ်လပ်မဲဆန္ဒနယ်တွေအနေနဲ့ ပြည်သူ့လွှတ်တော် ၂ နေရာမှာ လဲချားနဲ့ ကန်ပက်လက်မြို့နယ်တို့ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် လစ်လပ်နေရာတွေကတော့ သပိတ်ကျင်း၊ မတူပီ၊ အုတ်တွင်း၊ ရသေ့တောင်၊ တမူးနဲ့ မင်းဘူးမြို့နယ်တို့ဖြစ်ပါတယ်။