Live
Home
ဆောင်းပါး
တိုင်းပြည်ကို ချစ်သူများ ညီညွတ်သော လုပ်ဆောင်ချက်များ လိုအပ်လာပါပြီ
DVB
·
January 16, 2018
ခုရက်ပိုင်းမှာ ရခိုင်ပြည် မြောက်ပိုင်းဒေသဖြစ်တဲ့ မောင်တောမြို့နယ်မှာ ARSA အဖွဲ့ရဲ့ ပြန်ပြီးတိုက်ခိုက်မှုတွေ ရှိလာပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းကျေးရွာမှာ ဆွဲမိုင်းဖောက်ခွဲမှု လုပ်ဆောင်ခဲ့ပြီး တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် အခြားအဆင့်ငါးဦး၊ အရပ်သားဒရိုင်ဘာတဦးတို့ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ တဆက်တည်းမှာပဲ ARSA အဖွဲ့ကလည်း အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ တပ်မတော်ကို အကြမ်းဖက်စစ်တပ်ဟု သုံးနှုန်းထားခြင်း၊ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နိုင်ငံတကာမှ မသိစေလိုသောကြောင့် UN, IFFM, EU အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO များ၊ သတင်းမီဒီယာများကိုလည်း ဝင်ရောက်လေ့လာခွင့်များ ပိတ်ပင်ထားပြီး ရခိုင်ပြည်မြောက်ပိုင်းတွင် စက်တင်ဘာလကတည်းက ရှင်းလင်းရေး လုပ်ပြီးသွားပြီဟု ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကို လိမ်ညာပြီး ကြေညာထားခဲ့တယ်လို့ စွပ်စွဲထားတာတွေကို တွေ့ရပါတယ်။ ရှေ့ကဖြစ်စဉ်တွေကလည်း ARSA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ကြောင်းကို ARSA အဖွဲ့ကိုယ်တိုင်လည်း ကြေညာချက်တွေထုတ်၊ အွန်လိုင်းပေါ်တင်နဲ့ တွေ့မြင်ခဲ့ရပါတယ်။ ခုထိလည်း ပြန်လည်တည်ဆောက်ရေး ကိစ္စတွေကို လုံးပန်းနေကြရတုန်းပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ပြန်လည်တည်ဆောက်ရေးလုပ်တဲ့ အခုလို ကာလမျိုးမှာကို ပြဿနာတွေ ပြန်ဖြစ်လာတာပါ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဇော်ဌေးက ARSA အဖွဲ့ကို တိုက်ခိုက်ရုံမှတပါး အခြားနည်းလမ်း မရှိတော့ကြောင်း၊ လုံခြုံရေးအရ တရားဥပဒေနဲ့အညီ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၇ ရက်နေ့က မီဒီယာများကို ဖြေကြားထားတာကို တွေ့ရပါတယ်။ ပါတီကကျင်းပတဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးသည် မြန်မာတနိုင်ငံလုံး၏ အရေးဖြစ်သလို ရခိုင်တမျိုးသားလုံး အရေးသည်လည်း မြန်မာတမျိုးသားလုံးအရေးဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာသည် မြန်မာနိုင်ငံ၏ အမျိုးသားဂုဏ်သိက္ခာနှင့် အမျိုးသားအချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်တဲ့ မုံရွာအောင်ရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်ဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း မြန်မာနိုင်ငံမှာ ဧည့်သည်အနေနဲ့ လာရောက်နေထိုင်တဲ့ သူတွေအနေနဲ့ အချုပ်အခြာအာဏာကို ထိပါးခွင့်မရှိသလို ဥပဒေတွေကိုလည်း လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ ပြောဆိုသွားတာ တွေ့ရပါတယ်။ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း မောင်တောဒေသမှ ထွက်ပြေးတိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရန် အရေးကြီးကြောင်းနှင့် ယင်းအချက်များ ပျက်ပြားစေရန် ပြုလုပ်လာသည့် ARSA အဖွဲ့အား ဘဏ္ဍာရေးအရဖြစ်စေ၊ ထောက်ခံမှုများဖြစ်စေ မပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံလိုကြောင်းများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သည့် ဒုက္ခသည်များကိုလည်း ပြန်လည်လက်ခံဖို့အတွက် ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူစာချုပ် လက်မှတ်ထိုးထားကြောင်း မီဒီယာများကို ဖြေကြားထားတာ တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်နှင့် နိုင်ငံကြီးတချို့မှ မြန်မာနိုင်ငံအပေါ် ငြိုးသူရန်ဘက်ပမာ တိုက်ခိုက်နေမှုနှင့် ပိတ်ဆို့အရေးယူမှု အချို့ကို မြန်မာနိုင်ငံအနေနှင့် တုန်လှုပ်မှုမရှိဘဲ ပကတိ အမှန်တရားနှင့် လက်တွေ့ဆောင်ရွက်ချက်တွေနဲ့သာ တုံ့ပြန်ဆောင်ရွက်နေတယ်လို့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ရခိုင်ပြည်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီရမည်ဖြစ်ပြီး ၎င်းအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေး ပျက်ပြားမှု မရှိစေရန် ARSA အဖွဲ့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုထားတာကို တွေ့ရပါတယ်။ ဦးဇော်ဌေးကလည်း သာမန်အခြေအနေထက် ပိုပြီးတော့လည်း လုံခြုံရေး မြှင့်တင်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်ဆိုပြီး မီဒီယာများကို ဖြေကြားထားတာ တွေ့ရပါတယ်။ အဘက်ဘက်က ပြန်လည်သုံးသပ်ကြည့်ရင် ယခုအချိန်ထိ မောင်တောဒေသမှာ အကြမ်းဖက်သမားတွေက လုပ်ချင်တဲ့နေ့မှာ ထလုပ်၍ရတဲ့ အနေအထားတွေကို တွေ့နေရပါတယ်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကလည်း ယခုအချိန်တွင် သာမန်အခြေအနေထက် ပိုပြီးတော့လည်း လုံခြုံရေး မြှင့်တင်ဆောင်ရွက်သွားမယ် ဆိုထားတော့ လုံခြုံရေး မြှင့်တင်မှုအပိုင်းကို ယခင်ဖြစ်စဉ်များကတည်းက မကြပ်မတ် မဆောင်ရွက်ခဲ့ဘဲ ရှိလေသလားဆိုတဲ့ အထင်ကို ရောက်စေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအောင်သောင်းချေမှ “ပထမ ဖြစ်ခဲ့တုန်းကလည်း သူတို့ရဲ့ ပြည်သူလူထုကို ကာကွယ်မှုဟာ တော်တော်လေးကို ညံ့ဖျင်းပါတယ်။ ပြည်သူလူထုကို အချိန်နှင့်တပြေးညီ မကာကွယ်နိုင်ခဲ့ဘူး။ အဲဒီတုန်းကလည်း ကျနော်တို့က အစိုးရကို တိုက်တွန်းခဲ့တာတွေ အများကြီးရှိတယ်။ သူတို့က နိုင်ငံတကာက၊ အနောက်အုပ်စုတွေက ပြောလာတဲ့အခါ စက်တင်ဘာ ၅ ရက်နေ့ကတည်းက အော်ပရေးရှင်း မလုပ်တော့ဘူးဆိုပြီး ပြောခဲ့တယ်။ ဒီလို ပြောခဲ့တဲ့အတွက်ကြောင့် ဒီမှာလည်းပဲ အင်အားဖြည့်တာမျိုးတွေ မတွေ့ရဘူး။ ဒီလိုမျိုးတွေ ရှိတယ်။ ဒီလိုအနေအထားမျိုးမှာ သူတို့က ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားတဲ့သူတွေကို လက်ခံမယ်ဆိုပြီး ပြောနေတယ်။ တည်ငြိမ်အေးချမ်းတဲ့ဘက်ကို မရောက်ဘဲနဲ့ ပြန်လည်လက်ခံမယ်ဆိုပြီး နိုင်ငံတကာဖိအားက လွတ်အောင် လက်ခံဖို့ ပြောနေတာပဲ ဖြစ်တယ်။ ဇန်နဝါရီ ၅ ရက်နေ့က ကိစ္စကို သတင်းထုတ်ပြန်တဲ့အခါမှာလည်း တပ်မတော်က ARSA လုပ်တယ်ဆိုပြီး ထုတ်ပြန်တယ်။ အစိုးရကတော့ အမည်မသိဆိုပြီး ထုတ်ပြန်တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒေသခံတွေအပေါ်မှာ စေတနာမှန်မှန်နှင့် ကာကွယ်နိုင်တာမျိုးတွေ မရှိဘူး” လို့ ပြောထားပါတယ်။ ဒါတွေကိုကြည့်လိုက်ရင် အစိုးရကလည်း တိုင်းပြည်ကိုချစ်တယ်၊ တပ်မတော်ကလည်း တိုင်းပြည်ကို ကာကွယ်ချင်တယ်။ သို့သော်လည်း လက်တွေ့မှာ ဒေသခံ ပြည်သူ့ကိုယ်စားလှယ်တွေက အစိုးရကို အားမရသလို တပ်မတော်ရဲ့ လုံခြုံရေးကိုလည်း အားမရဘူး ဖြစ်နေပြီး ဒေသခံတွေရဲ့ ဒုက္ခတွေကို ဖော်ပြတယ်။ ဒါတွေကို ကြည့်လိုက်ရင် တိုင်းပြည်ကို ချစ်တယ်လို့ ပြောတဲ့သူတွေအချင်းချင်း မညီညွတ်၊ အမြင်မတူကြတဲ့အခါ ပြင်ပရန်စွယ်က အလွယ်တကူ ဝင်နိုင်တဲ့အချက် ဖြစ်ကြောင်းကို သက်သေပြနေပါတယ်။ မောင်တောဒေသခံတဦးလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးလှထွန်းကျော်ကတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီး “လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ အစိုးရဘက်ကလည်း ပုံမှန်တော့ လှုပ်ရှားနေတာပေါ့။ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ထရိန်းက မြိုလူမျိုးတဦး အသတ်ခံရတာကို လိုက်ရှာတော့ ယောင်လည်လည်နဲ့ မောင်တောသား (ဘင်္ဂါလီတဦး) နဲ့ ငခူရသား (ဘဂါင်္လီ) တဦးကို တွေ့တော့ ဖမ်းဆီးပြီး သက်ဆိုင်ရာကို အပ်လိုက်ပါတယ်။ ဒီလိုလုပ်လို့ သိပ်မကြာခင်မှာပဲ လက်တုံ့ပြန်တဲ့ အနေအထားနဲ့ အခုလို မိုင်းဆွဲတာတွေ ဖြစ်လာတာပါ။ သူတို့က တောထဲ၊ တောင်ထဲမှာနေပြီး ဒေသခံတွေဆီက နွားရရင် နွားကို ဆွဲယူသွားတယ်။ ဆိတ်ရရင် ဆိတ်ကို ဆွဲယူသွားတယ်။ တိုင်းရင်းသားတွေကို တွေ့ရင်လည်း အခိုက်အတန့်အငိုက်မှာ သူတို့နိုင်ရင်နိုင်သလို ဒုက္ခပေးသွားကြတယ်။ ပြောလိုတာကတော့ လုံခြုံရေး တိုးမြှင့်ဖို့ဆိုတဲ့ စကားထက် ပြည်သူတွေကို အလစ်ဝင်တိုက်နိုင်တဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေး ယူသင့်ပါတယ်။ ခုက လုံခြုံရေးတာဝန်ရှိတဲ့သူတွေက ပုံမှန် ကိုယ့်စခန်းမှာပဲ ကိုယ် ကြေတယ်။ စခန်းတခုကနေ တခုကို သွားရင်လည်း လမ်းမကြီးအတိုင်းပဲ သွားကြတယ်။ ဒါကြောင့် တဖက်က အကြမ်းဖက်သမားတွေ လှုပ်ရှားမှုကို တစုံတရာ မတွေ့ရဘူး။ ဒီလို သွားနေကြတော့ အကြမ်းဖက်သမားတွေရဲ့ ခိုအောင်းတဲ့ နေရာကို မတွေ့ကြဘူး။ သူတို့ ခိုအောင်းဖို့ နေရာတွေကလည်း အများကြီးရှိပါတယ်။ အများအားဖြင့် တောင်ပြိုအနီးတဝိုက်နဲ့ ကြိမ်ချောင်း အထက်ပိုင်း အနီးတဝိုက်မှာဆိုရင် အများကြီးရှိတယ်။ ဒီလိုမျိုးတွေကို တပတ်တကြိမ်၊ တလတကြိမ် အော်ပရေးရှင်းသာ လုပ်သွားရင် လုံခြုံရေးကိုတောင် တိုးမြှင့်ဖို့ မလိုဘူး ထင်ပါတယ်” ဟု ပြောကြားထားပါတယ်။ ပထမဖြစ်စဉ်ကတည်းက နေအိမ်ပေါင်း နှစ်သောင်းကျော် ပျက်စီးမှုများဖြစ်ပြီး လူပေါင်း ရာချီကာ အသတ်ဖြတ်ခံခဲ့ရခြင်းများ၊ တဖက်နိုင်ငံသို့ သိန်းချီသော ဘင်္ဂါလီများ ထွက်ပြေးသွားခြင်းများ ရှိနေခဲ့ပေမယ့် လုံခြုံရေး လုပ်ဆောင်ချက်များမှာ လိုအပ်ချက်များနှင့် ပြည့်နှက်နေဆဲ ဆိုတာကို တွေ့ရပါတယ်။ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကလည်း ကြေညာပြီး လုပ်ဆောင်သလို လုပ်နေသည်ကို ထောက်ရင် ဒေသခံတွေထဲတွင် ဘယ်လောက်ထိ ခြေကုပ်ယူထားနိုင်သလဲ ဆိုတာကို တွေ့နိုင်ပါတယ်။ ဒီလို ပြည်ပရန်စွယ်ပြဿနာမျိုး တက်နေသော်လည်း ရှမ်းမြောက်မှာ တိုက်ပွဲများ ပြင်းထန်နေဆဲပဲ ရှိနေပါတယ်။ ရခိုင်ဒေသခံပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီနဲ့ အာဏာရပါတီတို့၏ လွှတ်တော်တွင်း တိုက်ပွဲတခုမှာလည်း ယခုရက်ပိုင်းတွင် ဖြစ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝန်ကြီးတဦးကို ကျေပွန်အောင် တာဝန်မထမ်းဆောင်နိုင်လို့ ဆိုပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ကန့်ကွက်မဲက  ၈ မဲ၊ ထောက်ခံမဲက ၃၇ မဲနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သို့ပေမယ့် ဟိုဘက်၊ ဒီဘက် စွပ်စွဲချက်တွေ ရှိနေဆဲပါ။ စွပ်စွဲတဲ့ဘက်က အချက် ၉ ချက် တင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ဝန်ကြီးက သူ ဖြေရှင်းခွင့် မရခဲ့ဘူးလို့ ဖြေကြားထားတာ တွေ့ရပါတယ်။ ယခင် မောင်တောဖြစ်စဉ်တွေမှာလည်းပဲ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ သဘောထားဟာ ကွဲလွဲခဲ့ကြပါတယ်။ ကိုဖီအာနန်ကော်မရှင်မှာလည်းပဲ သဘောထား ကွဲလွဲခဲ့ကြပါတယ်။ ဒီမိုကရေစီတိုက်ပွဲကို ဝင်ခဲ့တာလည်း တူပြီး စစ်အာဏာရှင်စနစ်ကို မလိုလားသူများ ဖြစ်နေပါလျက် အရွေ့တခုမှာ ပွတ်တိုက်မှု အများကြီး ဖြစ်နေကြတာကိုလည်း သတိပြုမိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်ဘက်မှာလည်းပဲ လာမည့် ဇန်နဝါရီ နောက်ဆုံးပတ်မှာ ၂၁ ရာစု ငြိမ်းချမ်းရေး တတိယညီလာခံသာ ကျင်းပတော့မည်လို့ သိရပြီး ရှမ်းအဖွဲ့ RCSS နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ ALP တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ။ ခြုံငုံကြည့်လိုက်ရင် တိုင်းပြည်ကိုချစ်သူများ မညီညွတ်တာတွေကို တွေ့ရပါတယ်။ လူကောင်းတွေ မညီညွတ်ရင် လူဆိုးတွေ ကြီးစိုးသလို တိုင်းပြည်ကောင်းကျိုးကို လိုလားသူများ အချင်းချင်း သဘောထားကွဲလွဲမှုများ များလာရင်၊ မိမိတို့အုပ်စုသာ အမှတ်များများ ပိုလိုချင်လာရင် တိုင်းပြည်ရဲ့ ရှေ့ဆက်ရမယ့်ခရီးက ပိုပြီး ကြာတတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ကျော်လင်း(ရောင်စုံ)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024