DVB Logo
Home
မြန်မာသတင်း
အသစ်လဲထားသည့် စစ်တပ်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှာ ငြိမ်သက်
DVB
·
May 2, 2012
အသစ်လဲထားသည့် စစ်တပ်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှာ ငြိမ်သက်
Donate to DVB

ဒီကနေ့မှာ ပြီးဆုံးသွားခဲ့တဲ့ ပထမအကြိမ် တတိယမြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးပွဲမှာ အသစ်လဲထားတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဟာ အရင် လူတွေလောက် လွှတ်တော်ဥပဒေ ပြဌာန်းဖို့အတွက် ၀င်ရောက်ဆွေးနွေးတာ မတွေ့ရဘူးလို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အခုကျတော့လည်း သူတို့ထက်အဆင့်မြင့်တဲ့ ဒု-ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေ လဲလိုက်တယ် ဆိုတော့ ကောင်းပါတယ်။ ကောင်းတယ် ဆိုတာက ကျနော်တို့ရဲ့ လွှတ်တော်ကိုလည်း တပ်မတော်က ပိုပြီးတော့ အလေးထားလာတယ်၊ ပိုပြီးတော့ ဒါ လေးစားမှုပေးတယ်၊ ပိုပြီးတော့ အဆင့်မြှင့်ပေးလိုက်တယ် ဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့အတွက် ကျနော်တို့က ဝမ်းသာတယ်။ အဲဒီထက် ပိုအရေးကြီးတာက သူတို့ကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်၊ ပြည်သူလူထုဘက်နေ ရပ်တည်ပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်ပေါ့။ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြောဆိုခွင့် မဲပေးခွင့်ပေါ့။ အဲဒါ့ အာမခံပေးရင် ပိုကောင်းတယ်။ အဲဒါကိုတော့ ကျနော်တို့ အခု မမြင်နိုင်သေးဘူးပေါ့နော်။”

ဧပြီလ ၂၃ ရက်နေ့မှာ မူလက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ရွေးချယ်စေလွှတ်ထားတဲ့ အရာရှိတွေကို ဖယ်ရှားပြီး အသက်အရွယ်ကြီးရင့်တဲ့ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်တွေကို ပြောင်းလဲခဲ့တာပါ။

အရင်က တပ်မတော်သားကိုယ်စားလှယ်တွေဟာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေများပြီးတော့ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေနည်းတူ နိုင်ငံတော်မှာ ပြဌာန်းမယ့်ဥပဒေတွေကို လွတ်လွတ်လပ်လပ် ၀င်ရောက်ဆွေးနွေးတာတွေ တွေ့ရတယ်လို့ ဦးရဲထွန်းက နှိုင်းယှဉ် သုံးသပ် ပြောဆိုပါတယ်။

“သူတို့အရင်လူတွေကတော့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေများတယ်။ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေများတဲ့အခါကျတော့ တချို့ ဥပဒေကြမ်းလေးတွေ ဆွေးနွေးတာမှာ သူတို့ကိုလည်း ကျနော်တို့လိုပဲ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြုတယ်။ ဆွေးနွေးခွင့်ပြုတယ်၊ မဲပေးခွင့်ပြုတယ်ဆိုတဲ့ အခါကျတော့ ကျနော်တို့ ထပြီးတင်တဲ့ အဆိုတွေ ဆွေးနွေးချက်တွေကိုလည်း သူတို့က သဘောကျရင် ထောက်ခံတာ၊ သူတို့လည်း ဆွေးနွေးတာ အဲဒီလိုဟာမျိုးတွေ လုပ်တော့ သူတို့နဲ့ ကျနော်တို့ တော်တော်လေး ရင်းရင်းနှီးနှီးခင်ခင်မင်မင် ဖြစ်တာပေါ့ဗျာ။ တောင်သူလယ်သမား အရေးကိစ္စဆိုရင်လည်း လယ်သမား သားသမီးတွေပါတော့ ဒီ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးကြတာတွေ ရှိတယ်။

အဲဒီတော့ ကျနော်တို့ကလည်း သူတို့တွေက တောင်သူလယ်သမားအရေးကိစ္စတွေ၊ ပညာရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ စိတ်ဝင်တစားနဲ့ ပြည်သူလူထုဘက်က ရပ်တည်ပြီးတော့ ဆွေးနွေးနေတာကို ကျနော်တို့ကလည်း လိုလားတယ်။ မဲပေးရင်လည်း သူတို့ဖာသာသူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်။ ဘယ်အမိန့်မှ မနာခံရဘဲနဲ့ မဲပေးခွင့် ရတာမျိုးတွေ ကျနော်တို့က လိုလားတယ်။”

တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ဟာ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်မှာ ၅၂ ဦး ရှိပါတယ်။ အခု အသစ်လဲလိုက်တဲ့ လွှတ်တော်အသီးသီးအတွက် တပ်မတော်သားကိုယ်စားလှယ်တွေထဲမှာ စစ်တပ်က စီနီယာကျတဲ့ အရာရှိကြီးတွေလည်း ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013