Home
ဆောင်းပါး
ကိုရီးယား နှစ်နိုင်ငံ တကယ်ငြိမ်းချမ်းတော့မှာလား
DVB
·
January 15, 2018
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တင်းမာမှု ပြင်းပြင်းဖြစ်နေခဲ့တဲ့ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံတို့အကြား ဆက်ဆံရေး ပြေလျော့လာတဲ့ သတင်းစကားတချို့ ကြားလာရတဲ့အတွက် ၂၀၁၈ ကတော့ မင်္ဂလာနှစ် ဖြစ်လေမလားလို့ တွေးကြည့်မိပါတယ်။ ဒါကလည်း ၂၀၁၅ ဒီဇင်ဘာလကစလို့ ပထမဆုံး တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံဟာ လွန်ခဲ့တဲ့ အင်္ဂါနေ့အစောပိုင်းမှာ နှစ်နိုင်ငံအကြား စစ်မဲ့ဇုန်မှာ တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဖက် ညှိနှိုင်းရေး ကိုယ်စားလှယ်တွေ ရောက်ရှိလာခဲ့ကြတယ်ဆိုတဲ့ သတင်းအရပါ။ အဲဒါကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက နှစ်နိုင်ငံကြား ဟော့ထ်လိုင်း အရေးပေါ်တယ်လီဖုန်းလိုင်းကို ပြန်လည်ချိတ်ဆက်ပြီးတော့ နောက်တဆင့် ရလာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ပြောရရင် စစ်ပြေငြိမ်းစာချုပ် မချုပ်ဆိုရသေးလို့ သတ်မှတ်ချက်အရ စစ်ဖြစ်နေဆဲလို့ ပြောရမယ့် နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာ တွေ့ဆုံညှိနှိုင်းခဲ့ကြပေမယ့် တကယ်တမ်း တင်းမာမှုနဲ့ ရန်လိုမှုတွေကို လျှော့မချနိုင်ခဲ့ကြဘဲ ဒီအင်္ဂါနေ့ တွေ့ဆုံညှိနှိုင်းမှုကတော့ အတော်လေး အားရစရာ ဖြစ်တယ်လို့ ပြောရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် ဝေဖန်သုံးသပ်သူတွေကတော့ အင်္ဂါနေ့ ဆွေးနွေးပြောဆိုမှုတွေကို သတိရှိကြဖို့ အကြံပေးခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်း အီဗင်စ်ရီဗီးယားကတော့ “အသိတရားနဲ့ ဆင်ခြင်မှုက  ဒီဆွေးနွေးမှုတွေကို သတိရှိဖို့ ပြဋ္ဌာန်းပေးထားတယ်လို့ ထင်ပါတယ်။ အရင်တုန်းက ဒီလမ်းကို ကျနော်တို့ လိုက်ခဲ့ပြီးပါပြီ။ ရှိခဲ့ဖူးတဲ့ နမူနာတွေအရ တကယ့်ကို ကျနော်တို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ စာဖတ်သူတွေ သိနှင့်ပြီးခဲ့တဲ့အတိုင်း မနှစ်ကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှု နျူကလီးယား စမ်းသပ်မှုတွေကြောင့် ပူပင်ကြောင့်ကျမှုတွေနဲ့ စကားကြီးစကားကျယ် အပြန်အလှန် ပြောဆိုမှုတွေကပဲ လွှမ်းမိုးနေခဲ့တာပါ။ ဒါပေမယ့် ခု ၂၀၁၈ ခုနှစ် အဖွင့်မှာတော့ ကိုရီးယားကျွန်းဆွယ် ဒေသအတွက် ရှားရှားပါးပါး အကောင်းမြင်စရာလေးတွေနဲ့ စတင်ခဲ့ပြီလို့ ဆိုနိုင်မလား စဉ်းစားကြည့်မိပါတယ်။ တကယ်တော့ မကြာခင်နှစ်ပိုင်းတွေက စလို့ တောင်၊ မြောက် ကိုရီးယား ၂ နိုင်ငံ ဆွေးနွေးညှိနှိုင်းခဲ့တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အောက်ခြေ စစ်ရေးဆွေးနွေးမှုတွေ၊ ၂၀၁၃ ဇွန်လ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ လုပ်ငန်းဆောင်ရွက်မှုအဆင့် အစိုးရပိုင်း ဆွေးနွေးညှိနှိုင်းမှု၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အဆင့်မြင့် အစိုးရအဆင့် ဆွေးနွေးမှု၊ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ အင်ချီယွန် အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်ယှဉ်ပြိုင်ရေးကိစ္စ၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ အောက်ခြေစစ်ရေး ဆွေးနွေးမှုတွေ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ၂၄ ရက်နေ့ထိ အဆင့်မြင့် အစိုးရအဆင့် ဆွေးနွေးမှုတွေ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် မြောက်ကိုရီးယားနိုင်ငံက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ နှစ်နိုင်ငံ အရေးပေါ်ဖုန်းလိုင်း ဆက်သွယ်မှု ဟော့ထ်လိုင်းကို ဖြတ်တောက်ပစ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော် အထက်မှာ တင်ပြခဲ့သလို ၂၀၁၈ ခုနှစ်အဝင် ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နေ့မှာတော့ ဖြတ်တောက်ခဲ့တဲ့ အရေးပေါ် တယ်လီဖုန်းလိုင်း ပြန်လည်ချိတ်ဆက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ ပြန်လည်ချိတ်ဆက် စကားပြောနိုင်ဖို့ ဆုံးဖြတ် သဘောတူခဲ့ကြပါတယ်။ တကယ်တော့ တောင်ကိုရီးယား ပေါင်းစည်းညီညွတ်ရေး မြောက်ကိုရီးယားနိုင်ငံအဝန်း ဖြန့်ကြက် စောင့်ကြည့်ရေးဝန်ကြီးဌာန ဝန်ထမ်း ၂ ဦးက အစိုးရချင်း ချိတ်ဆက်စကားပြောဆိုမှုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံ အရေးပေါ် တယ်လီဖုန်းလိုင်းကို မဖြတ်တောက်ခင်အထိ နေ့စဉ် မနက် ၉ နာရီနဲ့ ညနေ ၄ နာရီအချိန်တွေမှာ ပုံမှန်ဆက်သွယ် စကားပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်နှစ်နှစ်လောက်နီးပါး အကြာမှာတော့ တယောက်ယောက်က ဖုန်းကို ကောက်ကိုင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လူချင်း တွေ့ဆုံ စကားပြောကြဖို့ နှစ်ဖက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ကိုရီးယား ၂ နိုင်ငံ ပြန်ပြီး ချိတ်ဆက်စကားပြောလာနိုင်တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်က “ကျနော်သာ မြောက်ကိုရီးယားကို အလုံးစုံ အင်အားသုံးဖို့ ခိုင်ခိုင်မာမာ အားကောင်းကောင်းနဲ့ ဆောင်ရွက်ဖို့ မလုပ်ခဲ့ဘူးဆိုရင် ခုလိုမျိုး ဖြစ်လာမှာ မဟုတ်တဲ့အကြောင်း" ထုတ်ဖော်ပြောဆို အမှတ်ယူခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ထရမ့်က “ဆွေးနွေးပြောဆိုတာ ကောင်းပါတယ်” အမေရိကန်အနေနဲ့ တောင်ကိုရီးယားသမ္မတ မွန်းကို ရာနှုန်းပြည့် ကူညီပံ့ပိုးပေးမှာပါလို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတထရမ့်ရဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ သူက စိတ်ကောင်းစေတနာကို ပြတဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိုလံပစ်ပြိုင်ပွဲ ကာလအတွင်း နှစ်နိုင်ငံ သဘောတူညီချက်နဲ့ မပြုလုပ်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒီ တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ နှစ်ကာလကြာရှည် မြောက်ကိုရီးယားနိုင်ငံက ဒေသအမျက်ထွက်စေခဲ့တဲ့ အရာပါ။ ခုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တခုကို ငြိမ်းချမ်းရေးအတွက် ချမှတ်နိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်း အီဗင်စ်ရီဗီးယားကတော့ တောင်ကိုရီးယား အိုလံပစ်မှာ မြောက်ကိုရီးယား ပါဝင်ဆင်နွှဲရေးအတွက်နဲ့ ဒီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကြီး အနှောင့်အယှက် မခံရရေးအတွက် မြောက်ကိုရီးယားနိုင်ငံကတော့ တောင်ကိုရီးယားနိုင်ငံကို အလျှော့ပေး လိုက်လျောမှု တောင်းဆိုကောင်း တောင်းဆိုနိုင်တယ်လို့ ကြိုတင် ပြောဆိုထားခဲ့ပါတယ်။ သူက “အကူအညီ အထောက်အပံ့ တမျိုးမျိုး၊ အရေးယူပိတ်ဆို့မှု ဖြေလျှော့မှု တမျိုးမျိုး” ပေါ့ဗျာလို့ ပြောဆိုခဲ့ပါတယ်။ ဒါကတော့ တောင်ကိုရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ သံတမန်တယောက်က မြောက်ကိုရီးယားဘက်က လုပ်လာနိုင်တာကို ခန့်မှန်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အထင်အမြင်မှာ နောက်အရေးကြီးတဲ့ အချက်တခုကတော့ “မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နောက်ကြည့်လာနိုင်တာ တခုကတော့ တောင်ကိုရီးယားနိုင်ငံက ချိတ်ဆက် ဆောင်ရွက်ထားပြီး ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပြုလုပ်နေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အဲဒီဒေသက အမြဲတမ်း လျှော့ချသွားအောင် ပြုလုပ်နိုင်ရေးပဲ ဖြစ်တယ်” ဆိုတာပါပဲ။ အမေရိကန် ဗဟိုထောက်လှမ်းရေး စိတ်ဖြာဝေဖန်သုံးသပ်သူနဲ့ ကိုရီးယား မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှု ဗဟိုဌာန အကြီးတန်းအရာရှိဟောင်း ဆယူး တယ်ရီကလည်း “တောင်ကိုရီးယားသမ္မတ မွန်းကတော့ မြောက်ကိုရီးယားနိုင်ငံက အိုလံပစ် ကစားသမားတွေ စေလွှတ်ပေးဖို့အရေးမှာ ဖြေလျှော့မှု တမျိုးမျိုးတော့ လုပ်ပေးရမှာပဲရှင့်” လို့ ပြောကြားခဲ့သလို ၂၀၁၆ ခုနှစ်က သမ္မတဟောင်း ပတ်ဂွမ်ဟီး အစိုးရ ပိတ်ပစ်ခဲ့တဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးတွဲဆောင်ရွက်မှုဖြစ်တဲ့ ကေဆောင် စက်မှုလုပ်ငန်းကြီးကို ပြန်ပြီး ဖွင့်လှစ်နိုင်ရေးလည်း ပါဝင်ကောင်း ပါဝင်နိုင်တဲ့အကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေတွေ ဖြစ်ပေါ်လာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တယ်လီိဖုန်း ဆက်သွယ်စကားပြောဆိုမှုအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှုကို လမ်းဖွင့်ပေးထားတဲ့အကြောင်း ထည့်သွင်းပြောဆိုမှုကလည်း အရေးပါတဲ့ အချက်အလက်တခု ဖြစ်တယ်လို့ ပြောရမှာပါပဲ။ ဒီ အမေရိကန်သမ္မတရဲ့ တယ်လီဖုန်း ခေါ်ဆို စကားပြောမှုဟာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ကိုယ်စားလှယ်တွေ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်မှာ တနေ့တာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး နောက်တနေ့မှာ ဖြစ်ပါတယ်။ လက်လွတ်စပယ် ဆုံးဖြတ်ပြောဆိုမှုတွေကြောင့် နာမည်ပျက်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တယောက် ဒီတခါတော့ အသိတရားရှိရှိ ပြောဆိုလိုက်တာပဲလို့ ကောက်ချက်ချရမှာပါပဲ။ ဒါဟာ သူ့ရဲ့ရပ်တည်ချက် အနေအထားကို ကာကွယ်တဲ့သဘော ပါဝင်နိုင်မှာ ဖြစ်ပေမယ့် တင်းမာမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား၊ လူမျိုးတမျိုးတည်း ဖြစ်ပေမယ့် နိုင်ငံအရ ကွဲပြား၊ အခြေအနေ ကွဲပြားနေခဲ့တဲ့ တောင်၊ မြောက် ကိုရီးယား ၂ နိုင်ငံအကြား တင်းမာမှုတချို့ကို ပြေလျော့သွားစေတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။ တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်တို့ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေက သူတို့ပြုလုပ်နေတဲ့ ဒုံးကျည်စမ်းသပ်မှု၊ နျူကလီးယား စမ်းသပ်မှုဟာ သူတို့ကို မလေးမစား ထိပါးနေတဲ့ အမေရိကန်နိုင်ငံကို တန်ပြန်တိုက်ခိုက်ဖို့သာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကို ရည်ရွယ်တာ မဟုတ်တဲ့အကြောင်း အတိအလင်း ထည့်သွင်းပြောဆိုသွားတဲ့အတွက် တောင်ကိုရီးယားနိုင်ငံအတွက်လည်း အတော်အတန် စိတ်အေးရဖို့ ရှိပါတယ်။ နောက် မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်တွေဘက်က အမေရိကန် ဆန့်ကျင်ရေးအတွက် မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပါ ဆွဲဆောင်သိမ်းသွင်း ပြောဆိုသွားတာ တွေ့ရပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းကတော့ ဒီလို တောင်၊ မြောက် ၂ နိုင်ငံ စကားပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကျေးဇူးတင်ထိုက်သူ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် ဆာရာဆင်းဒါးကလည်း တောင်ကိုရီးယားသမ္မတနဲ့ အမေရိကန်သမ္မတ ခေါင်းဆောင် ၂ ယောက် ဆွေးနွေးရာမှာ မြောက်ကိုရီးယားနိုင်ငံအပေါ် အမြင့်ဆုံး အရေးယူဒဏ်ခတ်ဖို့ ဆက်လက်ပြုလုပ်သွားမှုရဲ့ အရေးကြီးပုံကို အလေးအနက် ဆွေးနွေးခဲ့သလို သမ္မတ ထရမ့်က သင့်လျော်ကောင်းမွန်တဲ့ အချိန်နဲ့ အခြေအနေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန် ၂ နိုင်ငံအကြား တွေ့ဆုံဆွေးနွေးကြဖို့ လမ်းဖွင့်ပေးထားတဲ့အကြောင်းလည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာက တထိတ်ထိတ် စိုးရိမ်နေခဲ့ရတဲ့ မြောက်ကိုရီးယား အမေရိကန် တင်းမာမှု၊ တောင်၊ မြောက် ကိုရီးယား ၂ နိုင်ငံအကြား တင်းမာမှုတွေအတွက် အတိုင်းအတာ တခုအထိ ပြေလျှော့တိုးတက် ပြောင်းလဲလာတယ်လို့ ပြောရမှာ ဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ်အစရဲ့ ဝမ်းသာစရာ သတင်းစကားတခုလည်း ဖြစ်တဲ့အကြောင်း။       ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024